ပါကစ္စတန်တွင် ပြီးခဲ့သည့် ၄ နှစ်အတွင်း ဂျာနယ်လစ် ၄၂ ဦး အသတ်ခံရ

By ANI
31 January 2023
ပါကစ္စတန်တွင် ပြီးခဲ့သည့် ၄ နှစ်အတွင်း ဂျာနယ်လစ် ၄၂ ဦး အသတ်ခံရ

ပါကစ္စတန်တွင် လွန်ခဲ့သည့် ၄ နှစ်အတွင်း သတင်းထောက် ၄၂ ဦး အသတ်ခံခဲ့ရကြောင်း ပါလီမန်ရေးရာဝန်ကြီး မူတာဇာဂျာဗက်အဘာဆိုင်က အထက်လွှတ်တော်သို့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် တင်ပြခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် Dawn သတင်းစာက ဖော်ပြသည်။ 

အသတ်ခံရသည့်သတင်းထောက်များမှာ ပန်ဂျပ်ပြည်နယ်မှ ၁၅ ဦး၊ ဆင်းဒ် မှ ၁၁ ဦး၊ ခိုက်ဘာပက်ခ်တွန်ခဝါ မှ ၁၃ ဦးနှင့် ဘာလိုချီစတန်မှ ၃ ဦးတို့ ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်သမားများသည်  ဂျာနယ်လစ်များကို ပစ်မှတ်ထား၍ သတ်ဖြစ်ခြင်း သို့မဟုတ် ပစ်ခတ်ခြင်းများရှိခဲ့သည်။

ပန်ဂျပ်ပြည်နယ်တွင် ထိုသေဆုံးမှုများအတွက် သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အနက် ၂ ဦးမှာ လက်ရှိတွင် အာမခံ ရထားသည်။ ဖမ်းဆီးခံရသူ ၇ ဦးအနက် ၅ ဦးသည် တရားရင်ဆိုင်နေရကာ တခြားသံသယရှိသူ ၈ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများသည် သတင်းထောက်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ဂျမက်-အီး-အစ္စလာမ်မီပါတီမှ မက်ရှ်တက်ဂ်အာမက်က အထက်လွှတ်တော်တွင် ပြောကြားခဲ့သည်။ 

အဘာဆိုင်က အခြေအနေသည် စိုးရိမ်စရာကောင်းသောကြောင့် အစိုးရအနေဖြင့် တရားခံများကို လျင်မြန်စွာ ဖမ်းဆီးအရေးယူသင့်ပြီး သတင်းသမားများအား အထူးလုံခြုံရေးပေးသင့်ကြောင်း ပြောကြားခဲ့သည်။ ယခုကိစ္စနှင့် ပတ်သက်၍ အစီရင်ခံစာကို ၂ လအတွင်း အောက်လွှတ်တော်ထံ တင်ပြပေးရန် ပါကစ္စတန်ပြည်ထဲရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနများကိုလည်း အဘာဆိုင်က ညွှန်ကြားခဲ့သည်။ 

ထို့ပြင် ဘာလိုချီစတန် အာဝါမီပါတီမှ အထက်လွှတ်တော်အမတ် ဒင်းနက်ရှ်ကူးမားက စာရင်းတွင် ဖော်ပြထားသော ပြည်နယ်အတွင်း အသတ်ခံရသူ သတင်းထောက် ၃ ဦးအစား အမှန်တကယ် ၁၀ ဦးကျော် အသတ်ခံခဲ့ရကြောင်း ထောက်ပြခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြခဲ့သည်။
ပါကစ္စတန်တွင် အမျိုးသားနှင့်အမျိုးသမီးများအကြား လစာကွာဟမှု၊ ခွဲခြား ဘက်လိုက်မှုနှင့် အမျိုးသမီးဝန်ထမ်းများအား မျှမျှတတမဆက်ဆံမှု စသည့် ပြဿနာများစွာ ဖြစ်ပွားနေပြီး မကြာသေးမီက ပါကစ္စတန်၌ သတင်းထောက်များအဖြစ် လုပ်ကိုင်နေသည့် အမျိုးသမီးများ၏ အခြေအနေကို ကမ္ဘာက သိရှိလာသည်ဟု ဆိုသည်။

ပါကစ္စတန်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အကဲဖြတ်စစ်တမ်းများအရ အနိမ့်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး အွန်လိုင်း အသုံးပြုမှုလွတ်လပ်ခွင့်တွင်လည်း အလားတူပင်ဖြစ်ကြောင်း တွေ့ရသည်။ အထူးသဖြင့် အမျိုးသမီးများသည် နှောင့်ယှက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရသည်။ ပါကစ္စတန်တွင် တင်းကျပ်၍ အမျိုးသားကြီးစိုးသော လူ့ဘောင်စံနှုန်းများကြောင့် အမျိုးသမီးဂျာနယ်လစ်များသည် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများနှင့် ပိုမိုရင်ဆိုင်နေရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly