အသံထက်မြန်သော ဒုံးကျည်များ တပ်ဆင်ထားသည့်ရုရှားစစ်သင်္ဘောက  တရုတ်၊ တောင်အာဖရိတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည်

By Reuters
31 January 2023
အသံထက်မြန်သော ဒုံးကျည်များ တပ်ဆင်ထားသည့်ရုရှားစစ်သင်္ဘောက  တရုတ်၊ တောင်အာဖရိတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည်

အသံထက်မြန်သည့် မျိုးဆက်သစ်ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသော ရုရှားစစ်သင်္ဘောတစ်စင်းသည် ဖေဖော်ဝါရီလ၌ တရုတ်နှင့် တောင်အာဖရိကရေတပ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်အေဂျင်စီ TASS က ဇန်နဝါရီ ၂၃ တွင် ပြောကြားသည်။

ဇာကွန်ဒုံးကျည်များ တပ်ဆင်ထားသည့် ဆိုဗီယက်ယူနီယံ ရေတပ်ဗိုလ်ချုပ် ဂေါ့ရှ်ကော့ဗ် ဟုအမည်ပေးထားသည့် ဖရီးဂိတ်စစ်သင်္ဘော ပါဝင်ခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပထမဆုံး တရားဝင်ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ဒုံးကျည်များသည် အသံ၏ အမြန်နှုန်းထက် ၉ ဆပိုမြန်စွာ ပျံသန်းနိုင်ပြီး အကွာအဝေး ကီလိုမီတာ ၁၀၀၀ (မိုင် ၆၂၀ ကျော်) သွားနိုင်ကြောင်း ရုရှားက ဆိုသည်။ ၂၀၁၉ ခုနှစ်တွင် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည့် Avangard glide စက်မဲ့ယာဉ်နှင့်အတူ အသံထက်မြန်သောလက်နက်စနစ်ကို အဓိက ထည့်သွင်းတည်ဆောင်ထားခြင်းဖြစ်သည်။

" ‌‌ဂေါ့ရှ်ကော့ဗ်စစ်သင်္ဘောသည် ဆီးရီးယားနိုင်ငံ တားတပ်စ်မြို့ရှိ ထောက်ပံ့ရေးဌာနသို့ သွားရောက်မည်ဖြစ်ပြီး တရုတ်နှင့် တောင်အာဖရိကရေတပ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်" ဟု အမည်မဖော်လိုသည့် ကာကွယ်ရေးအရင်းအမြစ်က ပြောသည်။
ဆိပ်ကမ်းမြို့ ဒါဘန်နှင့် ရစ်ချက်ပင်လယ်အော်အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် တောင်အာဖရိက၊ ရုရှားနှင့် တရုတ်တို့အကြား ဖွံ့ဖြိုးပြီးသောဆက်ဆံရေးကို ခိုင်မာစေရန် ရည်ရွယ်ကြောင်း တောင်အာဖရိကနိုင်ငံတော်ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ၂၀၁၉  ခုနှစ်နောက်ပိုင်း တောင်အာဖရိကတွင် ၃ နိုင်ငံပါဝင်သည့် ဒုတိယမြောက် စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်၊ ရုရှားနှင့် အမေရိကန်တို့သည် အသံထက်မြန်သော လက်နက်များ တီထွင်ထုတ်လုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး  အသံထက် ၅ ဆ ပိုမြန်သည့်အလျင်နှင့် ထောက်လှမ်းရန်ခက်ခဲသည့် စနစ်များပါရှိခြင်းကြောင့် ပြိုင်ဘက်ဟူသမျှအပေါ် အသာစီးရမည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly