ထိုင်ဝမ်တွင် ယူကရိန်းကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် စီစဉ်နေ

By Taiwan News
30 January 2023
ထိုင်ဝမ်တွင် ယူကရိန်းကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် စီစဉ်နေ

ယူကရိန်း Holos ပါတီခေါင်းဆောင် လွှတ်တော်အမတ် ကီရာရူဒစ်ခ်က ထိုင်ဝမ်တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း ထိုင်ဝမ်သို့ သွားရောက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက် တွင် ပြောကြားလိုက်သည်။
ယူကရိန်းလွှတ်တော်အမတ်က နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာရေးကို ထောက်ခံအားပေးနေခြင်းကြောင့် နွေဦး ရာသီတွင် သွားရောက်မည့် ထိုင်ဝမ်ခရီးစဉ်သည် ၎င်း၏ ဒုတိယမြောက်ခရီးစဉ် ဖြစ်မည်ဖြစ်သည်။
ကိုယ်စားလှယ်ရုံးဖွင့်လှစ်မည့် အစီအစဉ်သည် ချက်ချင်းအကောင်အထည်မပေါ်နိုင်သေးသော်လည်း တိုးတက် မှုရှိလာမည်ဖြစ်ကြောင်း ကီရာရူဒစ်ခ်က CNA သို့ ပြောကြားခဲ့သည်။
စစ်ဒဏ်ခံနေရသော ယူကရိန်းအတွက် ထိုင်ဝမ်က ကတိပြုထားသည့် အထောက်အပံ့နှင့် အကူအညီများ အကြောင်း ပြည်သူများအား အသိပေးရန် အရေးကြီးကြောင်း ရူဒစ်ခ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်အကူအညီများအကြောင်းကို အများပြည်သူနှင့် ပြည်နယ်အစိုးရများသို့ လူမှုမီဒီယာနှင့် တီဗီများမှ တစ်ဆင့် သူမ၏ ပါတီဝင်များက ရှင်းပြမည်ဖြစ်ပြီး လာမည့်သီတင်းပတ်တွင် ယင်းကိစ္စကို ပါလီမန်တွင် ရူဒစ်ခ်က မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
ရူဒစ်ခ်သည် အောက်တိုဘာလ ခရီးစဉ်အတွင်း ထိုင်ဝမ်ပါလီမန်သို့ သွားရောက်ခဲ့ပြီး သမ္မတ စိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့ချိန်တွင် စိုင်က အာဏာရှင်နယ်ချဲ့မှုအား ဆန့်ကျင်နေသည့် ယူကရိန်းနှင့်လစ်သူယေးနီးယားတို့နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ယူကရိန်း၏ မဟာဓာတ်အားလိုင်းသည် ရုရှား၏ တိုက်ခိုက်မှုကို ဆက်တိုက်ခံနေရသဖြင့် ထိုင်ဝမ်က ဒီဇင်ဘာတွင် အမေရိကန် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး ယူကရိန်းအတွက် မီးစက်များ ဝယ်ယူရန် ဇန်နဝါရီလတွင် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ သန်း ကတိပြုခဲ့သည်။
ထိုင်ဝမ်က ထောက်ပံ့ပေးသော မီးစက်များ ယူကရိန်းသို့ ရောက်ရှိလာချိန်တွင် တရုတ်သံရုံးက ဒေါသတကြီး ကန့်ကွက်ခဲ့ကြောင်း ရူဒစ်ခ်က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly