ကလေးဝမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့သတ်ဖြတ်

By ပါခွီး
26 January 2023
ကလေးဝမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့သတ်ဖြတ်

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ ပြည်သူသုံးဦးကိုသတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဆိုသော သတင်းများအရ ကလေးဝ-ရေးဦးလမ်းမပေါ်ရှိ ယုဇလယ်ရွာကို အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း ရောက်ရှိ ခဲ့ကြောင်း ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကလေးဝမြို့မှ ၂၄ မိုင်ကွာဝေးသည့် အောင်ချမ်းသာ ကျေးရွာအနီးမှ ကတိုးရွာသို့ရောက်ရှိလာပြီး လမ်းကြောင်းမသိ၍ဟုဆိုကာ ကျွဲကြောင်းနေသော ရွာသား နှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ထို့နေမှစ၍ အဆိုပါရွာသားနှစ်ဦး၏သတင်း အစနမရရှိတော့ဘဲ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သေဆုံး လျက် ပြန်လည်တွေ့ရှိရကြောင်း ဆိုသည်။

“ပျောက်နေတာလေးငါးရက်ရှိပြီဆိုတော့ အလောင်းတွေပြန်တွေ့တဲ့အခါမှာ အတော်ရုပ်ပျက်နေပြီး အကောင်ပလောင်တွေတောင် ကျနေပြီ” ဟု ရွာသားတစ်ဦးက ဆိုသည်။

သေဆုံးသွားသူနှစ်ဦး၏အမည်ကို မသိရှိရသေးသော်လည်း ကလေးဝမြို့နယ် သာစည်ရွာမှဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းစစ်ကြောင်းသည် အခြားပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ပြီးအလောင်းစွန့်ပစ်ထားခဲ့သည် ကိုတွေ့ရှိခဲ့ရကြောင်း အဆိုပါဒေသခံက ဆိုသည်။

“သူတို့နဲ့တိုက်ပွဲဖြစ်တာလဲ ဘာမှမရှိဘူးဗျာ။ တောထဲမှာ ရိုးရိုးသားသားအလုပ်လုပ်စားနေတဲ့ ပြည်သူတွေ ကို သတ်ဖြတ်သွားတာ ပြည်သူအများသိစေချင်ပါတယ်” ဟု လုံခြုံရေးအရ အမည်ဖော်လိုခြင်းမရှိသည့် ယင်းဒေသခံမှ ဆက်လက်ပြောဆိုသည်။

သတ်ဖြတ်ပြီး စွန့်ပစ်ခံရသူ၏အမည်ကိုမသိရသေးသော်လည်း ကလေးဝမြို့နယ် သာစည်ကျေးရွာမှဖြစ် ပြီး တောထဲတွင် မီးသွေးဖုတ်၍ အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကလေးမြို့မှတဆင့် ကလေးဝမြို့သို့ရောက်ရှိခဲ့ပြီး ၎င်းမှတဆင့် ကလေးဝ-ရေဦးလမ်းကြောင်းပေါ်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယခုကဲ့သို့ ရွာသားသုံးဦးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အထောက်အထား၊ ဓာတ်ပုံများ မှတ် တမ်းယူထားသော်လည်း အင်တာနက်လိုင်းများဖြတ်တောက်ထားသဖြင့် ပေးပို့နိုင်ခြင်းမရှိကြောင်း အဆို ပါ ဒေသခံကဆိုသည်။

ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းအထိရရှိခဲ့သောသတင်းများအရ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကလေးဝနှင့် ၂၄ မိုင်ခန့်အကွာရှိ ရေဦးလမ်းမအနီး ကတိုးရွာအနီးတဝိုက်တွင် စစ်ကြောင်းထိုး၍ လှုပ်ရှား နေသဖြင့် ပြည်သူများသတိထားသွားလာနိုင်ကြရန်လည်း အသိပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကလေးဝမြို့နယ်
#စစ်ကြောင်းထိုး
#အပြစ်မဲ့ပြည်သူ
#အကြောင်းမဲ့သတ်ဖြတ်

3m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required