နတ်ခရိုင်ကျေးရွာအနီးတွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ

By လွှမ်းမိုး
26 January 2023
နတ်ခရိုင်ကျေးရွာအနီးတွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် မုံရွာ- မန္တလေး လမ်းမပေါ်တွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနှစ်ဦးသေကြောင်း စစ်ဆင်ရေးပြုလုပ်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

တပ်မ (၃၃) မှ စစ်သားများကို နတ်ခရိုင်ကျေးရွာအနီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၂၅ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ စစ်ကောင်စီတပ် ရဲ့ မိုင်းရှင်းလင်းရေး လုပ်ဆောင် ချက်မှာ ကျနော်တို့ ထောင်ထားတဲ့ မိုင်းတွေ တော်တော်လေး ပါသွားတာတော့ ရှိတယ်။ မိုင်းတွေ ရှင်းပြီးတဲ့ နောက်မှာ ညောင်ပင်ဝန်း ရဲစခန်း မှာ စစ်သားတွေက စုရပ် လုပ်ပြီး နားကြတယ်။ ညောင်ပင်ဝန်း ရဲစခန်းက အပြန် နတ်ခရိုင် ကျေးရွာ အနီးမှာ ရှိတဲ့ မိုင်း ၇ လုံးကိုစုပြီး ပဒေသာတွဲ လုပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု Zero ပြောက်ကျား တပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများလည်း ရှိကြောင်းနှင့် လူနာတင်ယာဉ်တစ်စီးဖြင့် ရုပ်အလောင်းများလာကောက်သွားကြောင်းလည်း ၎င်းကဆိုသည်။

Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ သရဲနီ တပ်ဖွဲ့ ၊ 3D တပ်ဖွဲ့ နှင့် စွန်ရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဟုလည်း သိရသည်။

စာတည်း ။ ။ စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required