ဂျပန်နှင့် တောင်ကိုရီးယားကြား ရေပြင်တွင် သင်္ဘောနစ်မြုပ်၍ မြန်မာနှင့် တရုတ် သင်္ဘောသားများမှ ၂ ဦး သေဆုံးကာ ၉ ဦး ပျောက်ဆုံးနေ 

ဂျပန်နှင့် တောင်ကိုရီးယားကြား ရေပြင်တွင် သင်္ဘောနစ်မြုပ်၍ မြန်မာနှင့် တရုတ် သင်္ဘောသားများမှ ၂ ဦး သေဆုံးကာ ၉ ဦး ပျောက်ဆုံးနေ 

ဂျပန်နှင့် တောင်ကိုရီးယားကြားက လှိုင်းထန်သော ရေပြင်တွင် သင်္ဘောနစ်မြုပ်ရာ၌ သင်္ဘောအမှုထမ်း နှစ်ဦး သေဆုံးကာ ကိုးဦးပျောက်ဆုံးနေကြောင်း ဂျာပန်တာဝန်ရှိသူများက ပြောသည်။ 

စစ်လေယာဉ်နှင့် ပုဂ္ဂလိကရေယာဉ်တစ်စင်း ပူးပေါင်းပါဝင်သည့် နှစ်နိုင်ငံမှ ကမ်းခြေစောင့်တပ်များသည်နစ်မြုပ် Jin Tian သင်္ဘောပေါ် လိုက်ပါလာသူ ၂၂ ဦးမှ ၁၃ ဦးကို ရှာဖွေတွေ့ရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သို့ရာတွင် တွေ့ရှိဆယ်တင်ခဲ့သူများတွင် နှစ်ဦးက သေဆုံးသည်ကို နောက်ပိုင်း၌ ဂျပန်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုကြောင်း ယင်း တာဝန်ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။ 

အဆိုပါ သင်္ဘော၏ အမှုထမ်းများသည် မြန်မာနှင့် တရုတ်တို့မှ ဖြစ်ကြသော်လည်း သေဆုံးသူများ၊ ကယ်ဆယ်နိုင်သူများနှင့် ပျောက်ဆုံးနေသူများက မည်သူမည်ဝါ ဖြစ်ကြောင်း တိကျစွာ မခွဲခြားနိုင်သေးကြောင်း ၎င်းက ပြောသည်။ 

“ကျွန်တော်တို့ရဲ့ ရေယာဉ်တွေတော့ အဲဒီ ဧရိယာမှာ ရှိနေဦးမှာပါ၊ ညပိုင်းတစ်လျှောက်လုံး ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်မှာပါ”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

ဂျပန် အနောက်တောင်ပိုင်း အစွန်အဖျား ဒန်ဂျိုကျွန်းစု အနောက်ဘက် ကီလိုမီတာ ၁၁၀ အကွာကနေ၍ Jin Tian သင်္ဘောမှ အင်္ဂါနေ့ ညနေပိုင်းတွင် အန္တရာယ်ကျရောက်ကြောင်း သတိပေးချက် ပို့လာခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဧရိယာတွင် ပုဂ္ဂလိက ရေယာဉ်သုံးစင်းရှိနေပြီး သောင်တင်နေသော သင်္ဘောသားများမှ ငါးဦးကို ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်က ပြောသည်။ 

ဂျပန်ကမ်းခြေစောင့်တပ်နှင့် စစ်တပ်မှ ရေယာဉ်များနှင့် စစ်လေယာဉ်တစ်စင်းအပြင် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်နှင့် ပုဂ္ဂလိက ရေယာဉ်တစ်စင်းတို့သည် ရှာဖွေရေး၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ 

သင်္ဘောပေါ်မှ ကပ္ပတိန်သည် ဂြိုဟ်တုဖုန်းဖြင့် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ထံ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် နစ်မြုပ်သင်္ဘောမှ စွန့်ခွာတော့မည်ဖြစ်ကြောင်းကို လှမ်းအကြောင်းကြားခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။ 

ယင်းနောက်တွင် သင်္ဘောအမှုထမ်းများနှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ 

အာရှဒေသ တော်တော်များများတွင် အအေးပြင်းထန်ပြီး သင်္ဘောနစ်မြုပ်ရာ ဂျပန်ကျွန်းနားဧရိယာတွင် နေ့အပူချိန်က ၃၇ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းနေခြင်း ဖြစ်သည်။ 

တန်ချိန် ၆,၆၅၁ တန်ရှိ Jin Tian သင်္ဘောသည် ဟောင်ကောင်မှတ်ပုံတင်သင်္ဘောဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောသည်။ 

၂၀၂၀ အတွင်းကလည်း အမှုထမ်း ၄၃ ဦးနှင့် ကျွဲနွား ၆,၀၀၀ တင်ဆောင်လာသော ကုန်တင်သင်္ဘောသည် ဂျပန် အရှေ့တောင်ပိုင်း၌ တိုင်ဖုန်းမုန်တိုင်းမိပြီး နစ်မြုပ်ခဲ့သည်။ ယင်းတွင် သင်္ဘောသား နှစ်ဦးသာ အသက်ရှင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required