အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ထိုင်ဝမ်နှင့်အိန္ဒိယ ပူးပေါင်းဆောင်ရွက်မည် 

By CNA 
26 January 2023
အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ထိုင်ဝမ်နှင့်အိန္ဒိယ ပူးပေါင်းဆောင်ရွက်မည် 

ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို မြှင့်တင်ရေးအတွက် ထိုင်ဝမ်နှင့် လက်တွဲလုပ်ဆောင်ရန် အိန္ဒိယက မျှော်လင့်နေကြောင်း ထိုင်ဝမ်ဆိုင်ရာ အိန္ဒိယထိပ်တန်းသံတမန်က ဇန်နဝါရီလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

“ဒီမိုကရေစီ၊ တစ်ဦးချင်းလွတ်လပ်ခွင့်၊ ကမ္ဘာငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့စည်းလုံးညီညွတ်မှုတန်ဖိုးတွေက ထိုင်ဝမ်ပြည်သူ ၂၃ သန်းနဲ့ အိန္ဒိယပြည်သူ ၁ ဒသမ ၄ ဘီလီယံကို ပေါင်းစည်းထားတဲ့ နှောင်ကြိုးတွေ ဖြစ်ပါ တယ်” ဟု အိန္ဒိယ-တိုင်ပေအသင်း (ITA) ညွှန်ကြားရေးမှူးချုပ် ဂိုရမ်ဂါလယ်ဒက်စ်က အိန္ဒိယသမ္မတနိုင်ငံ တည်ထောင်ခြင်းအထိမ်းအမှတ်ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။ 
တိုင်ပေရှိ အိန္ဒိယအလွတ်တန်းသံရုံးကဲ့သို့ဖြစ်သည့် ITA သည် ဇန်နဝါရီ ၂၆ ရက်တွင် ကျရောက်မည့် သမ္မတ နိုင်ငံနေ့ကို ထိုင်ဝမ်တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်ကြောင့် စောပြီး ကျင်းပခဲ့ကြောင်း ဒက်စ်က ပြောကြားခဲ့သည်။

"ကမ္ဘာထိပ်တန်းစီးပွားရေး ၅ နိုင်ငံမှာ ပါဝင်ပြီး၊ ကမ္ဘာ့စီးပွားရေးရဲ့ ထွန်းသစ်စနိုင်ငံဖြစ်ကာ၊ ၂၀၂၃ ခုနှစ်အတွက် ဂျီ-၂၀ ရဲ့ ဥက္ကဋ္ဌအနေနဲ့ အိန္ဒိယက အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမ္ဘာတစ်ဝန်းမှာ ထိုင်ဝမ်အပါအဝင် ကမ္ဘာ့မိတ်ဖက်တွေနဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် လက်တွဲလုပ်ဆောင်ဖို့ ရည်မှန်းထားပါတယ်” ဟု ဒက်စ်က ပြောကြားခဲ့သည်။
ဖလှယ်ရေးအစီအစဉ်များနှင့် နှစ်ဖက်စလုံးမှ အကြီးတန်းကိုယ်စားလှယ်အများအပြား လာရောက်လည်ပတ်မှုနှင့် အတူ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနှင့် ထိုင်ဝမ်အကြား ထိတွေ့ဆက်ဆံမှုများခဲ့ကြောင်း ဒက်စ်က ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ကုန်သွယ်မှုက ၂၀၂၂ ခုနှစ်မှာ သမိုင်းဝင်အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယမှာ ထိုင်ဝမ်ရဲ့ ရင်းနှီးမြှုပ် နှံမှုတွေက တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ လျှပ်စစ်မော်တော်ကားနဲ့ သန့်ရှင်းတဲ့စွမ်းအင်လို နယ်ပယ်အသစ်တွေအထိ ရှိလာပါတယ်" ဟု ဒက်စ်က ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေးနဲ့ သိပ္ပံပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ပိုပြီးတော့ အားကောင်းလာခဲ့ပါတယ်" ဟု ဒက်စ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ ထိုင်ဝမ် နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသား ၆၂၈၁ ဦးရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly