တရုတ်က သီရိလင်္ကာအရေးတွင် အိန္ဒိယကို အမှီလိုက်ရန်ကြိုးပမ်းနေသော်လည်း မအောင်မြင်

By ANI 
26 January 2023
တရုတ်က သီရိလင်္ကာအရေးတွင် အိန္ဒိယကို အမှီလိုက်ရန်ကြိုးပမ်းနေသော်လည်း မအောင်မြင်

တရုတ်နိုင်ငံသည် သီရိလင်္ကာအား အိန္ဒိယ၏ စီးပွားရေး ပံ့ပိုးမှုများကို အမီလိုက်ရန် အသည်းအသန် ကြိုးစားနေသော်လည်း မအောင်မြင်သေးကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။

မမျှော်မှန်းနိုင်သည့် စီးပွားရေးအကျပ်အတည်းများအကြား သီရိလင်္ကာနိုင်ငံမှ လုပ်ဆောင်နေသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစီအစဉ်ကို ထောက်ခံကြောင်းဖော်ပြသည့် စာတစ်စောင်ကို တရုတ်က သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီးထံ လွန်ခဲ့သည့်အပတ်က ပေးပို့ခဲ့သည်ဟု The Sunday Morning သတင်းတွင် ဖော်ပြထားသည်။
IMF ထံမှ သီရိလင်္ကာ ချေးငွေရရှိရေးကြိုးပမ်းမှုများကို အိန္ဒိယက ထောက်ခံပြီးနောက် ရက်အနည်းငယ်အကြာတွင် တရုတ်ဘက်ကလည်း ထောက်ခံလာခြင်းဖြစ်သည်။ 

ကြွေးမြီဆပ်ရမည့်ကာလပြန်လည်ပြင်ဆင်ရေးအစီအစဉ်ကို တရုတ်အစိုးရအနေဖြင့် အိန္ဒိယကဲ့သို့ အပြုသဘောဆောင်သည့်ပုံစံဖြင့် တုံ့ပြန်ရန် သီရိလင်္ကာအစိုးရက မျှော်လင့်ထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထို့နောက် တရုတ်က IMF အစီအစဉ်ကို ထောက်ခံကြောင်း သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီးထံသို့ စာတစ်စောင်ပေးပို့ခဲ့သည်။
" ကျွန်တော်တို့အနေနဲ့ ကြွေးမြီကိစ္စစေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အကောင်းဆုံးကို မျှော်လင့်ထားပါတယ်" ဟု သတင်းရင်းမြစ်က The Sunday Morning သို့ ပြောသည်။ 

သီရိလင်္ကာ၏ ကြွေးမြီကတိကဝတ်ပြင်ဆင်ရေးကိစ္စတွင် အဓိကမြီရှင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယက ဆန္ဒရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
သီရိလင်္ကာသည် နိုင်ငံကြုံနေရသော အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို သက်သာစေရန် IMF ၏ ကူညီထောက်ပံ့ရေးအစီအစဉ်ကို စောင့်မျှော်နေသည်။

ပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာက သီရိလင်္ကာအပေါ် အိန္ဒိယ၏ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ငွေကြေးထောက်ပံ့မှုသည် အိမ်နီးချင်း ဦးစားပေးမူဝါဒနှင့်အညီဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဂျိုင်ရှန်ကာက ၂ ရက်ကြာ သီရိလင်္ကာခရီးစဉ်အတွင်း၌ အိန္ဒိယသည် သီရိလင်္ကာ၏ ကြွေးမြီကတိကဝတ်ပြန်လည်ပြင်ဆင်ရေးကို ထောက်ခံပြီး IMF အစီအစဉ် သေချာစေရေးအတွက် IMF သို့ ငွေကြေးဆိုင်ရာ အာမခံချက်များပေးသည့် ပထမဆုံးသော မြီရှင်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် အဓိကကဏ္ဍများစွာ၌ သီရိလင်္ကာစီးပွားရေးတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တိုက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။ သီရိလင်္ကာနိုင်ငံ  လိုအပ်သည့်အချိန်တွင် ကူညီပေးနိုင်ရန် အိန္ဒိယအစိုးရက ပြင်ဆင်ထားကြောင်း ဂျိုင်ရှန်ကာက အလေးပေးပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံ၏ စွမ်းအင်ဖူလုံမှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မူဘောင်နှင့်ပတ်သက်သည့် မူအရသဘောညီချက်ကိုလည်း ဂျိုင်ရှန်ကာက ကြိုဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly