အမျိုးသမီးများကို ဝိုင်းပယ်ထားပါက  အာဖဂန်နစ္စတန်လည်း ပိုမိုအထီးကျန်လာမည်ဟု ကုလသတိပေး

By ANI 
26 January 2023
အမျိုးသမီးများကို ဝိုင်းပယ်ထားပါက  အာဖဂန်နစ္စတန်လည်း ပိုမိုအထီးကျန်လာမည်ဟု ကုလသတိပေး

အာဖဂန်နစ္စတန်အနေဖြင့် အမျိုးသမီးများကို ဝိုင်းပယ်ထားပါက  နိုင်ငံလည်း ပိုမိုအထီးကျန်သွားလိမ့်မည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က တာလီဘန်အား သတိပေးခဲ့ကြောင်း အာဖဂန်အခြေစိုက် သတင်းအေဂျင်စီ Khaama Press သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်အမျိုးသမီးများအား ပစ်ပယ်ထားမှုအပေါ် စိုးရိမ်မှုများမြင့်တက်နေချိန်တွင် ကုလသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်အတွင်း အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့ပြီး အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် တာလီဘန်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း The Khaama Press က ဖော်ပြခဲ့သည်။
မည်သည့်အခြေအနေတွင်မဆို အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို ဦးစားပေးကာကွယ်ရန် ကုလသမဂ္ဂ ဥပဒေကျွမ်းကျင်သူများက တာလီဘန်ကို တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ အကျပ်အတည်းကာလတွင် အာဖဂန်အမျိုးသမီးများအား ကူညီပံ့ပိုးပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တိုက်တွန်းခဲ့သည်။

အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့သည့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တွင် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် အမီနာမိုဟာမက်၊ ကုလအမျိုးသမီးဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဆင်းမားဘာဟို့စ်၊  ကုလသမဂ္ဂ နိုင်ငံရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ခါလက်ခီယာရီတို့ ပါဝင်သည်။
ကုလကိုယ်စားလှယ်အဖွဲ့၏ ၄ ရက်ကြာ ခရီးစဉ်သည် အာဖဂန်ရှိ အခြေအနေများကို လေ့လာရန်၊ အာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံရန်နှင့် အာဖဂန်ပြည်သူများနှင့် ကုလသမဂ္ဂတို့ တစ်သားတည်းရှိသည်ကို ပြသရန် ရည်ရွယ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အကြီးတန်းကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့တွေ့ရှိချက်များနှင့် အကြံပြုချက်များကို အဖွဲ့ဝင်နိုင်ငံများသို့ မျှဝေသွားမည်ဖြစ်ကာ ယင်းက ရေတိုနှင့်ရေရှည်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့်ပတ်သက်သည့် ကမ္ဘာ့မူဝါဒများအပေါ် ဩဇာသက်ရောက်နိုင်ကြောင်း Khaama Press က ဖော်ပြခဲ့သည်။
“တာလီဘန် အိမ်စောင့်အစိုးရက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ပညာရေးအဖွဲ့အစည်းတွေ လုပ်ငန်းခွင်တွေနဲ့ ထိတွေ့မှုအပေါ် ကန့်သတ်ပိတ်ပင်လိုက်တာကို ကုလသမဂ္ဂအနေနဲ့ အလွန်စိုးရိမ်မိပါတယ်။ ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံနေရချိန်မှာ ဒီလိုတားမြစ်ကန့်သတ်ချက်တွေဟာ အာဖဂန်ကိုယ်တိုင် မိမိကိုယ်ကိုယ်အထီးကျန်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် အမီနာမိုဟာမက်၏ ပြောကြားချက်ကို ကိုးကား၍ Khaama Press က ဖော်ပြခဲ့သည်။

တာလီဘန်အစိုးရလက်ထက်တွင် အာဖဂန် အမျိုးသမီးများ၏ အခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရစဉ် တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျဟစ်က အမျိုးသမီးများအပေါ် တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်းရေးသည် တာလီဘန်အဖွဲ့အတွက် ဦးစားပေးကိစ္စမဟုတ်ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ 
အစ္စလာမ်ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်မှန်သမျှကို ခွင့်မပြုကြောင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ကန့်သတ်မှုများနှင့် ပတ်သက်သည့် စိုးရိမ်မှုများကို နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာလီဘန်က ပြောကြားထားသည်။

“အာဖဂန်အစိုးရအနေနဲ့ ကိစ္စရပ်အားလုံးကို အစ္စလာမ်ရှာရီယာဥပဒေနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အာဏာရအစိုးရသည် နိုင်ငံအတွင်း ရှာရီယာဥပဒေကိုဆန့်ကျင်သည့် လုပ်ရပ်များကို ခွင့်မပြုနိုင်ကြောင်း မူဂျာဟစ်က ပြောကြားခဲ့သည်” ဟု Khaama Press တွင် ဖော်ပြထားသည်။

အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်လုပ်ခွင့်ကို တားမြစ်သည့် တာလီဘန်များ၏ နောက်ဆုံး လုပ်ဆောင်ချက်အပေါ် နိုင်ငံတွင်း ဒေသအများအပြားတွင် တက္ကသိုလ်ကျောင်းသူများနှင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူများက ဆန္ဒပြခဲ့ကြပြီး ကမ္ဘာတစ်ဝန်းကလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly