ဒလိုင်းလားမားအား မကြိုဆိုရန် တရုတ်က သီရိလင်္ကာကို ခြိမ်းခြောက် စည်းရုံးခြင်းများလုပ်ဆောင်နေ

By ANI 
26 January 2023
ဒလိုင်းလားမားအား မကြိုဆိုရန် တရုတ်က သီရိလင်္ကာကို ခြိမ်းခြောက် စည်းရုံးခြင်းများလုပ်ဆောင်နေ

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားအား သီရိလင်္ကာနိုင်ငံမှ ကော်ဇောနီခင်းကြိုဆိုခြင်းကို တားဆီးရန် တရုတ်က ချော့တစ်ခါ ခြောက်တစ်လှည့်ဗျူဟာကို အသုံးပြုနေကြောင်း  Sunday Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဒလိုင်းလားမား ခရီးစဉ်ကို ခွင့်မပြုရန်ရန် နှင့် လက်ခံကြိုဆိုပါက ဆိုးရွားသော အကျိုးဆက်များ ကြုံတွေ့ရမည်ဟု သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်ယာယီသံရုံးတာဝန်ခံ ဟူဝေးက  ယခုသတင်းပတ်က သတိပေးခဲ့ကြောင်း The Sunday Times တွင် ဖော်ပြထားသည်။
ဟူဝေးက မောဝတ္တမဟာနယက ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် တရုတ်သာသနာအဖွဲ့နှင့် အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

သီရိလင်္ကာနိုင်ငံ အမရပူရနိကာယ် (သီရိလင်္ကာ ဘုန်းတော်ကြီးအဖွဲ့) မှ ထေကြီးဝါကြီးဆရာတော်တစ်ပါးက ဒလိုင်းလားမားနှင့် ဒီဇင်ဘာ ၂၇ ရက်က ဗုဒ္ဓဂါယာ၌ တွေ့ဆုံစဉ် သီရိလင်္ကာသို့ ကြွရန် ပင့်ဖိတ်ခဲ့ခြင်း ဖြစ်သည်။
“တပည့်တော် ပင့်ဖိတ်ပါတယ်၊ အရှင်ဘုရား ကြွလာရင် သီရိလင်္ကာအတွက် ကျက်သရေမင်္ဂလာတွေ တိုးလာပါလိမ့်မယ်” ဟု ဆရာတော်၏ မိန့်ကြားချက်ကို ကိုးကား၍ The Sunday Times တွင် ဖော်ပြထားသည်။

ဒလိုင်းလားမား၏ ခရီးစဉ်သတင်းတစ်ခုတည်းနှင့်ပင် တရုတ်၏ ဒေါသူပုန်ထမှုများ သီရိလင်္ကာအပေါ်သို့ ကျရောက်လာနိုင်ပြီး တရုတ်၏ ဆန္ဒကို မလိုက်လျောလျှင်လည်း ပြစ်တင်ရှုတ်ခံရနိုင်သည်။
တိဗက်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာအတိတ်ရှိခဲ့ပြီး တရုတ်နှင့် မွန်ဂိုလီးယားတို့၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင် ရှိခဲ့သည်မှာ မှန်သော်လည်း ၁၉၁၃ ခုနှစ်မှ တရုတ်ကွန်မြူနစ်များ ကျူးကျော်ဝင်ရောက်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်မတိုင်မီအထိ တိဗက်သည် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း The Sunday Times တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် တိဗက်၏ ရှေးယခင်က သီးခြားရပ်တည်မှုကို ငြင်းဆိုထားပြီး ပြည်မကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုပြောခဲ့ကြောင်း Tibet Press သတင်းတွင် မကြာသေးမီက ဖော်ပြခဲ့သည်။ တိဗက်ကို တရုတ်ပိုင်ဆိုင်ကြောင်း ပြောဆိုနေမှုသည် ၁၉၅၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် တရားမဝင် သဘောတူစာချုပ်အပေါ် အခြေခံထားသည်ဟု Tibet Press က ဆိုသည်။

အချက် ၁၇ ချက်ပါ သဘောတူစာချုပ်ဟု ခေါ်ဆိုသည့် တိဗက်ငြိမ်းချမ်းစွာလွတ်မြောက်ရေး ဆောင်ရွက်ချက်များဆိုင်ရာ သဘောတူစာချုပ်ကို တိဗက်ကို ကိုယ်စားပြုရန် တရားဝင်အခွင့်အာဏာမရှိသော ပုဂ္ဂိုလ်တစ်ဦးက ၁၉၅၁ ခုနှစ် မေလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ သဘောတူညီစာချုပ်တွင် တရုတ်နိုင်ငံသည် တိဗက်၏ ဓလေ့ထုံးတမ်းနှင့် ဘာသာရေးကို ထိန်းသိမ်းရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ အလေ့အထများကို ဟန့်တားမှုမလုပ်ရန် ကတိကဝတ်ပြုထားကြောင်း Tibet Press တွင် ဖော်ပြထားသည်။ အငြင်းပွားဖွယ် အဆိုပါ သဘောတူစာချုပ်ကို အကျပ်ကိုင်သည့် နည်းလမ်းများဖြင့် လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်းဖြစ်ပြီး မည်သည့်တရားဝင်မှုမှ မရှိကြောင်း Tibet Press တွင် ဖော်ပြထားသည်။ 

သို့သော် တရုတ်သည် သဘောတူစာချုပ်ကို မလိုက်နာသောကြောင့် ၁၉၅၉ ခုနှစ် တိဗက်လူထုအုံကြွမှု ဖြစ်ပေါ်ခဲ့ပြီး  ဖြိုခွင်းခံခဲ့ရကာ ၁၄ ဆက်မြောက် ဒလိုင်းလားမားသည်လည်း နောက်လိုက်များနှင့်အတူ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required