တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားဈေးကွက်ကို သိမ်းပိုက်နိုင်ရေး အမေရိကန်နှင့်တရုတ် အားပြိုင်နေ 

By The Economic Times
26 January 2023
တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားဈေးကွက်ကို သိမ်းပိုက်နိုင်ရေး အမေရိကန်နှင့်တရုတ် အားပြိုင်နေ 

တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားများသည် ကမ္ဘာ့စီးပွားရေးတွင် အလွန်အရေးပါလာသည်။ အမေရိကန်က အသာစီးရနေသည်ဟု ထင်ရသော်လည်း ဈေးကွက်ကို လွှမ်းမိုလိုသည့် တရုတ်နှင့် ချစ်ပ်ပြားထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံ အမေရိကန်တို့သည် တစ်ဦးကိုတစ်ဦး ကျော်တက်ရန် ကြိုးစားနေကြသည်ဟု Inside Over သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ဒေါ်လာ ဘီလီယံ ၅၀၀ တန်ဖိုးရှိသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားဈေးကွက်သည် ၂၀၃၀ ပြည့်နှစ်တွင် ၂ ဆတိုးလာနိုင်သည်။ ထို့ကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း စျေးကွက်၏ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ်ကို ထိန်းချုပ်နိုင်သူ၊ လွှမ်းမိုးထားနိုင်သူသည် အနာဂတ်တွင် အင်အားကြီးနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်၏ အားသာချက်တစ်ခုဖြစ်သည့် ချစ်ပ်ပြားထုတ်လုပ်မှုနည်းပညာကို ပိုင်ဆိုင်ချင်နေသည်။ ထို့ကြောင့် အမေရိကန်သည် တရုတ်နိုင်ငံသို့ ၎င်းနည်းပညာစီးဆင်းမှုကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း ဖရက်ဒရီကို ဂူလီယာနီက Inside Over တွင် ရေးသားခဲ့သည်။

တရုတ်နိုင်ငံသို့ ရောက်ရှိသွားသော တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်နည်းပညာကို စစ်ရေးစွမ်းရည်၊ ဉာဏ်ရည်တု (AI) နှင့် စူပါကွန်ပျူတာများအတွက် တရုတ်က အသုံးပြုမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ယင်းမိုက်ခရိုချစ်ပ်များ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် ထုတ်လုပ်မှု နည်းပညာများရရှိရန် အဆမတန်ရင်းနှီးမြှုပ်နှံထားကြောင်း Inside Over တွင် ဖော်ပြထားသည်။
ထို့ကြောင့် အမေရိကန်သည် ချစ်ပ်ပြားတင်ပို့မှုကို အပြည့်အဝထိန်းချုပ်သည့် စည်းမျဉ်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကြေညာခဲ့သည်။ အဆိုပါစည်းမျဉ်းများကြောင့် ချစ်ပ်ပြားများ၊ ချစ်ပ်ထုတ်လုပ်သည့် စက်ပစ္စည်းများနှင့် အမေရိကန်နည်းပညာပါဝင်သည့် ဆော့ဖ်ဝဲလ်များကို တရုတ်နိုင်ငံသို့ ရောင်းချရန် မဖြစ်နိုင်တော့ပေ။ အမေရိကန် နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရသူများကိုလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားများ ဖန်တီး၊ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများကို ပံ့ပိုးခြင်းအား တားမြစ်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုကန့်သတ်ချက်များမထုတ်ပြန်မီ  အမေရိကန်ကုန်သွယ်ရေးဌာနသည် သုတေသနနှင့်အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုအတွက် ဒေါ်လာ ၂၈၀ ဘီလီယံထောက်ပံ့မှုတစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း တိုးတက်စေရန် ဒေါ်လာ ၅၀ ဘီလီယံပံ့ပိုးမည့် ချစ်ပ်နှင့် သိပ္ပံပညာအက်ဥပဒေကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
အမေရိကန်က ကန့်သတ်ချက်များ ထုတ်ပြန်ပြီးနောက် Apple သည် တရုတ်နိုင်ငံ၏ Yangtze Memory Corp (YMTC) ထံမှ တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်များ ဝယ်ယူရေးစာချုပ်ကို ဖျက်သိမ်းခဲ့ကြောင်း ဂူလီယာနီ၏ သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်သည် တရုတ်နိုင်ငံ၏ စျေးကွက်သိမ်းပိုက်မှုကို ရပ်တန့်ရန် မဟာမိတ်များထံမှ အကူအညီများရရှိရေး ကြိုးပမ်းလျက်ရှိသည်။ အမေရိကန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသို့ ချစ်ပ်နှင့်ဆက်သော စက်ပစ္စည်းများတင်ပို့မှုကို ရပ်တန့်ရန် ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့နှင့် ဆွေးနွေးခဲ့ကြောင်း Inside Over သတင်းတွင် ဖော်ပြထားသည်။

နယ်သာလန်ကုမ္ပဏီတစ်ခုဖြစ်သည့် Advanced Semiconductor Materials Lithography (ASML) သည် အဆင့်မြင့် ချစ်ပ်ပြားထုတ်လုပ်ရေးကိရိယာများကို တစ်ဦးတည်းချုပ်ကိုင်ထားသည်။ အမေရိကန်သည် ASML မှ တရုတ်နိုင်ငံသို့ ချစ်ပ်ထုတ်လုပ်သည့်ကိရိယာများ တင်ပို့ခြင်းကို တားဆီးရန် လုပ်ဆောင်နေသည်။ ချစ်ပ်ထုတ်လုပ်ရေးကိရိယာနယ်ပယ်တွင် ASML ၏ ကျွမ်းကျင်မှုကိုလိုက်မီရန် တရုတ်နိုင်ငံသည် ဆယ်စုနှစ် ၁ ခုကြာ အချိန်ယူရမည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားဈေးကွက်တွင် အမေရိကန်၏ ကန့်သတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရွေးချယ်စရာ နည်းလမ်း များများစားစားမရှိပေ။ အကြောင်းမှာ တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို နိုင်ငံတကာဈေးကွက်မှ ရုပ်သိမ်းလိုက်လျှင် ရုန်းကန်နေရသော တရုတ်စီးပွားရေးသည် နောက်ပြန်ဆုတ်သွားမည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly