တရုတ်က တာလီဘန်အား ခေတ်မီလက်နက်များ ထောက်ပံ့နေ

By Economic Times
26 January 2023
တရုတ်က တာလီဘန်အား ခေတ်မီလက်နက်များ ထောက်ပံ့နေ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ တရုတ်လူမျိုးများ အများဆုံးတည်းခိုရာ ဟိုတယ်တစ်ခုကို အစ္စလာမ္မစ်နိုင်ငံတော် ခိုရာဆန်ပြည်နယ် (ISKP) အဖွဲ့က တိုက်ခိုက်မှုအပြီးတွင် တရုတ်က တာလီဘန်တို့အား ခေတ်မီလက်နက်များ ပံ့ပိုးလျက်ရှိသည်ဟု ‘တာလီဘန်လောင်းရိပ်အောက်မှ အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး- သုံးပွင့်ဆိုင်ဇာတ်လမ်း (The Troubled Triangle)’ စာအုပ်ရေးသားသူ ဇာဖာအစ်ဘဲလ် ယူဆွတ်ဖ်ဇိုင်းက Jamestown Foundation သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။ 

တည်ငြိမ်မှုမရှိသေးသည့် အာဖဂန်နစ္စတန်သည် တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်နေပြီး ယင်းက ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အတွက် အဟန့်အတားဖြစ်စေနိုင်သောကြောင့် ယခုကဲ့သို့ လက်နက်များ ထောက်ပံ့လာခြင်းဖြစ်သည်။
ထို့ပြင် မတည်ငြိမ်မှုများနှင့် မသေချာမရေရာမှုများကြောင့် အာဖဂန်နစ္စတန်သည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသနှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများကဲ့သို့ တရုတ်၏ နိုင်ငံရပ်ခြား အကျိုးစီးပွားများကို ပစ်မှတ်ထားသည့် အကြမ်းဖက်သမားများအတွက် ဒုစရိုက်နယ် ဖြစ်လာမည်ကို တရုတ်က စိုးရိမ်နေပြီး ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့အကြား ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လိုအပ်ကြောင်း Global Times တွင် ဖော်ပြထားသည်။

ISKP အဖွဲ့ဝင်များသည် ကဘူးလ်မြို့ရှိ တရုတ်နိုင်ငံသားအများအပြား တည်းခိုသည့် ဟိုတယ်တစ်ခုကို ဒီဇင်ဘာ ၁၂ ရက်က တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသား ၅ ဦးနှင့် အခြား ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်ရေးသမား ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သုတ်သင်ခဲ့သည်။
တရုတ်သံတမန်များနှင့် စီးပွားရေးသမားများ မကြာခဏ လာရောက်လေ့ရှိသည့် အဆိုပါဟိုတယ်ကို တရုတ်လုပ်ငန်းရှင်များက ဖွင့်လှစ်သည်ဟုသိရကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက "တရုတ်နိုင်ငံအနေနဲ့ အဆိုပါ တိုက်ခိုက်မှုကို အင်မတန် ထိတ်လန့်တုန်လှုပ်မိပြီး တရုတ်နိုင်ငံက အကြမ်းဖက်ဝါဒမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထိုကဲ့သို့သော စိန်ခေါ်မှုများကြောင့် တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒအားလုံးကို တိုက်ဖျက်ရန် တာလီဘန်များအား လုံလောက်သည့် ပံ့ပိုးကူညီမှုများပေးရန် ကြိုးပမ်းခဲ့ကြောင်း ယူဆွတ်ဖ်ဇိုင်းက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်လိုက်ချိန်တွင် တစ်ကမ္ဘာလုံးက အံ့အားသင့်ခဲ့ရပြီး  တာလီဘန်တို့ အာဏာရလာမည်ကို စိုးရိမ်ခဲ့ကြသည်။ သို့သော် အီရန်၊ ရုရှား၊ တရုတ်နှင့် ပါကစ္စတန်ကဲ့သို့သော နိုင်ငံအချို့က အာဖဂန်နစ္စတန်တွင် တည်ငြိမ်ရေးကို မျှော်လင့်ပြီး တာလီဘန်များကို ပံ့ပိုးကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ကြသည်။
ထို့အပြင် တရုတ်က အာဖဂန်နစ္စတန်တွင် အမေရိကန်တည်ရှိမှုနေမှုကို ၎င်းအတွက် မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အမေရိကန်ထွက်ခွာပြီး တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် တာလီဘန်အဖွဲ့ အာဏာပြန်ရလာမှုကို တရုတ်အတွက် အကျိုးရှိသည့် ပထဝီဝင်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအဖြစ် ယေဘုယျသဘော ရှုမြင်ခဲ့ကြသည်ဟု Jamestown Foundation တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်တွင် ဗျူဟာမြောက် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများရှိပြီး ၎င်းတို့ကို လုံခြုံမှုရှိစေချင်သည်။ တရုတ်နိုင်ငံနှင့် အဆင်ပြေသော အာဖဂန်ဗဟိုအုပ်ချုပ်ရေးအဖွဲ့တည်ရှိမှုသည် တရုတ်နိုင်ငံအတွက် ပိုကောင်းပေသည်။
တရုတ်-တာလီဘန် ဆက်ဆံရေးသည် အသစ်အဆန်းမဟုတ်ပေ။ တာလီဘန်များသည် နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံသို့ မကြာခဏ သွားရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံအနောက်ပိုင်းသို့ စစ်သွေးကြွများ၏ ထိုးဖောက်ဝင်ရောက်မှုကို တားဆီးရန် ၁၉၉၀ ပြည့်လွန်နှစ်များတွင်ပင် တရုတ်နိုင်ငံသည် တာလီဘန်များနှင့် ထိတွေ့ဆက်ဆံခဲ့သည်။

အာဖဂန်နစ္စတန်သည် တရုတ်နိုင်ငံအား ပါရှန်ပင်လယ်ကွေ့နှင့် အီရန်တို့နှင့် ချိတ်ဆက်ပေးသည့်အတွက် မဟာဗျူဟာအရလည်းကောင်း စီးပွားရေးအရလည်းကောင်း တရုတ်နိုင်ငံအတွက် အရေးပါသည်။ ထို့အတူ အာဖဂန်နစ္စတန်သည် သဘာဝအရင်းအမြစ်များ ကြွယ်ဝသောကြာင့် BRI စီမံကိန်းအတွက် အလားအလာကောင်းသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။
ထို့ကြောင့် တရုတ်သည် အရှေ့တာကစ္စတန် အစ္စလာမ္မစ်လှုပ်ရှားမှု (ETIM) ကဲ့သို့ စစ်သွေးကြွများအပေါ် ပြတ်ပြတ်သားသား ရပ်တည်ရန် တာလီဘန်ကို ဖိအားပေးခဲ့သည်။ တာလီဘန်တို့က မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုထားသည်ဟု ယူဆွတ်ဖ်ဇိုင်းက ပြောသည်။

တရုတ်နိုင်ငံသည် တာလီဘန်အစိုးရအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အထောက်အပံ့များ ပေးအပ်လျက်ရှိသော်လည်း အတော်များများကို မှတ်တမ်းတင်မထားပါ။
နောက်ကွယ်ဆောင်ရွက်မှုများအနက်တစ်ခုမှာ တရုတ်က တာလီဘန်အား မောင်းသူမဲ့လေယာဉ်များ (UAV) ပေးအပ်ခြင်းဖြစ်ပြီး တာလီဘန်တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးခဲ့ကြောင်း Jamestown Foundation က ဖော်ပြခဲ့သည်။
ပထမဆုံးမောင်းသူမဲ့လေယာဉ်ကို တရုတ်နိုင်ငံရှိ ထိပ်တန်းကုမ္ပဏီတစ်ခုမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည် ၄ ခုကို သယ်ဆောင်နိုင်ရန် ပုံစံထုတ်ထားကာ အမေရိကန်ဒေါ်လာ ၆၀ ၀၀၀ ကုန်ကျခဲ့ကြောင်း New Lines မဂ္ဂဇင်းက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
သို့သော် ဒရုန်းတပ်ဖွဲ့သည် ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးများအတွက် အထူးပြုလုပ်ထားသော စီးပွားရေးလုပ်ငန်းသုံးဒရုန်းများကို အသုံးပြုနေဆဲဖြစ်သည်။ မောင်းသူမဲ့လေယာဉ်များ၏ စွမ်းရည်များကို အဆင့်မြှင့်တင်ရေးအတွက် တာလီဘန်က Blowfish တိုက်ခိုက်ရေးဒရုန်းများကို ဝယ်ယူရန် တရုတ်နိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့သည်။

တရုတ်၏ Blowfish ဒရုန်းသည် ရန်သူများ အထူးသဖြင့် ISKP ကို တိုက်ခိုက်ရာတွင် တာလီဘန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။ ပန်ဂျ်ရှီးယား တောင်ကြားရှိ နိုင်ငံတော်တော်လှန်ရေးတပ်ဦး (the National Resistance) အပါအဝင် အခြားသော ခုခံရေးတော်လှန်လှုပ်ရှားမှုများအပေါ် သိသိသာသာ ဖိအားပေးနိုင်လိမ့်မည်ဖြစ်ကြောင်း Jamestown Foundation က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ဗျူဟာမြောက် အကျိုးစီးပွားများရှိပြီး တာလီဘန်များနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ 

ထို့ပြင် တာလီဘန်အနေဖြင့် အာဖဂန်နစ္စတန်မြေအား တရုတ်နိုင်ငံကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခွင့်မပြုရန် တရုတ်နိုင်ငံက လိုလားသည်။
တာလီဘန်ထံ တရုတ်၏ တိုက်ခိုက်ရေးဒရုန်းများ ပေးပို့မှုသည် အမေရိကန်-တရုတ် ဆက်ဆံရေးနှင့် ISKP နှင့် အခြားရန်သူများကို ပစ်မှတ်ထားသည့် တာလီဘန်၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် သိသိသာသာ သက်ရောက်မှုရှိစေလိမ့်မည်ဟု ယူဆွတ်ဖ်ဇိုင်းက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly