ရေဦးနှင့် ဒီပဲယင်းမြို့နယ်များမှ ဒေသခံ ၉,၀၀၀ ကျော်စစ်ရှောင်နေရ

By ချမ်းငြိမ်းမြင့်
26 January 2023
ရေဦးနှင့် ဒီပဲယင်းမြို့နယ်များမှ ဒေသခံ ၉,၀၀၀ ကျော်စစ်ရှောင်နေရ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ခြေလျှင်စစ်ကြောင်းထိုးလာ ခြင်းကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ရေဦးမြို့နယ်မှ ဒေသခံ ၂,၀၀၀ ခန့်နှင့် ဒီပဲယင်း မြို့နယ်မှ ဒေသခံ ၇,၀၀၀ ကျော် စစ်ရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ညတွင် ဆည်ကြီးကျေးရွာနှင့် ဇိန့်ဇွန်းကျေးရွာတို့၌ တပ်စွဲထားခဲ့သည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် တပ်စွဲထားသည့်ကျေးရွာများမှ ဒီပဲယင်းမြို့နယ်အတွင်းရှိကျေးရွာများသို့ ဆက်လက်စစ်ကြောင်းထိုးလာ ပြီး လက်ယက်ကုန်းနှင့် ညောင်လှကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်သွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။

“ဇန်နဝါရီလ ၂၃ ရက်နေ့က ရေဦးမြို့ကနေ စစ်ကောင်စီတပ်က စစ်ကြောင်းက သုံးကြောင်းခွဲလာတယ်၊ ညမှာ ဆည်ကြီးနဲ့ ဇိန့်ဇွန်းရွာကို တပ်စွဲတယ်။ ဒီနေ့ ၂၄ ရက်နေ့မှာတော့ လက်ယက်ကုန်းနဲ့ ညောင်လှကို ဝင်သွားတယ်၊ မီးခိုးလည်းတွေ့ရတယ်၊ မီးရှို့သွားတယ်လို့လည်း သတင်းရတယ်။ သွားမကြည့်နိုင်တော့ အတိအကျမသိရဘူး” ဟု ဆိုသည်။

စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးလာခြင်းကြောင့် ရေဦးမြို့နယ်အတွင်းရှိ ရွာသာလေး၊ ကုက္ကိုလ်စု၊ မိုးသားကုန်း၊ ဆည်ကြီး၊ ဇိန့်ဇွန်း၊ ပေါက်တာစသည့် ကျေးရွာများနှင့် ဒီပဲယင်းမြို့နယ်မှ ချောင်းပေါက်၊ လက်ယက်ကုန်း၊ မဲအိုး၊ ညောင်ကြီးကုန်း၊ ညောင်လှ၊ သရက်တော၊ ဝဲကြီး၊ ကုန်းကြီး၊ သပြေသာ၊ ရုံးသာ၊ သစ်တုံ စသည့်ကျေးရွာများမှ ဒေသခံအများအပြား စစ်ရှောင်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ရေဦးမြို့နယ်
#ဒီပဲယင်းမြို့နယ်
#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required