နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ (၁၀) ၁၀၀၁ တပ်ရင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ခွဲ - ၄ ပြောက်ကျားတပ်ခွဲမှ မွမ်းမံ သင်တန်းကို တောတွင်းတစ်နေရာတွင် အောင်မြင်စွာ ပြုလုပ်ခဲ့သည်ဟု ဇန်နဝါရီ (၂၄) ရက်တွင် ထုတ်ပြန်သည်။

· ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၌ ဇန်နဝါရီ ၂၄ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

· နွေဦးတက္ကသိုလ်က ဖွင့်လှစ်သည့် သင်တန်းအားလုံးအတွက် သင်တန်းကြေးများကို စစ်ကောင်စီ၏ ဘဏ္ဍာရေးယန္တရားမှ လုံးဝလွတ်ကင်းပြီး လုံခြုံမှုအပြည့်ရှိသည့် ငွေပေးငွေယူစနစ် NUG Pay ဖြင့် ပေးချေကာ တက်ရောက်နိုင်မည်ဖြစ်ကြောင်း နွေဦးတက္ကသိုလ် Spring University Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပ.အ.ဖ ၊ ပ.က.ဖ နှင့် ဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံများအတွက် သတင်း နှင့် ပြန်ကြားရေး သင်တန်းကို ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့ရာ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က သတင်းပိုင်းဆိုင်ရာက စိတ်ဓာတ်စစ်ဆင်ရေး နှင့် ပတ်သက်၍ အင်မတန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

· စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးသူ နှင့် သုံးစွဲသူ ၂၁ ဦး ဖမ်းဆီးရမိပြီး အရေးဦယူသွားမည် ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည်။

· မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ဝမ်းတွင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းများ ပူးပေါင်းပါဝင်ခြင်းမပြုရန် ယင်းအဖွဲ့က ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်တွင် သတိပေးကြေညာသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ၂ လမ်းသွယ်ထိပ်တွင် ဇန်နဝါရီ ၂၅ ရက် ၊ နံနက်ပိုင်းက စစ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်း နှင့် မိန်းမ စောမွန်မြတ်တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

· ရန်ကုန်တွင် စစ်ထောက်လှမ်းရေး (စရဖ) အရာရှိကြီးတချို့က တော်လှန်ရေး UG အဖွဲ့ ခေါင်းဆောင်များ အဖြစ် အသွင်ယူထားသဖြင့် ရန်ကုန်မှ တော်လှန်ရေး ရဲဘော်များ နှင့် ပြည်သူများ သတိထားကြရန် လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ပအဖ ပကဖများ နှင့် ပြည်သူလူထုများ စုပေါင်း၍ စစ်ကောင်စီ၏ ဟန်ပြအတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် ဆန္ဒပြ ကန့်ကွက်ချီတက်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မုံရွာပင်မသပိတ် နှင့် မြောင် YFC လူငယ်အဖွဲ့များ ဒေသခံပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်ဖြုတ်ချရေး ယနေ့ ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

· မုံရွာ-ပုသိမ် လမ်းပိုင်းရှိ ရွာများကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်က ဝင်ရောက် စီးနင်းနေပြီး ရွာ ၁၁ ခုမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူ များက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့ရှိ ရုံး၀န်ထမ်းများအနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မပါ၀င်ကြရန် Flying Dragon Force ရွှေဘိုက နောက်ဆုံးအကြိမ်သတိပေးကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

· စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ ဌာဆိုင်ရာရုံးများ၊ အကြမ်းဖက် စစ်သား၊ ရဲများ တပ်စွဲထားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဇန်နဝါရီ ၂၀ ရက်က စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးထက် မနည်း သေဆုံးထားကြောင်း People’s Army to Fight Dictatorship –PADF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဇန်နဝါရီ ၂၄ ရက်က အကြမ်းဖက် စစ်တပ်ထောက်ပို့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှ NLD ပါတီ၀င်သုံးဦးကို ဇန်နဝါရီ ၂၂ ရက်၊ ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်က အင်အားအများအပြားသုံးပြီး ၀င်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာ တောင်ဘက်တောထဲတွင် ဇန်နဝါရီ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၁၂ ဦးခန့်ကို အီနာဂါဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၃ နာရီခန့် တွင်လည်း စစ်ကူလာသည့် စစ်ခွေးများကို ထပ်မံပြီး အီနာဂါ ဗုံးသီးတစ်လုံးကို ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော တနင်္သာရီ တံတားစစ်ဆေးရေးဂိတ်၊ စရဖ ရုံး၊ လဝက ဦးစီးအရာရှိ အိမ်ရာ၊ ဗောဓိကုန်းတံတားရှိ လက်နက်ကြီးတပ်နေရာတို့ကို ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၄ နာရီခန့်က တော်လှန်ရေး အင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူ့ ကာ ကွယ်ရေး တပ်ထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၌ စစ်ကောင်စီတပ်က တရားဝင်ခန့်အပ်ထားသည့် စစ်တပ်ပိုင် မြ၀တီ သတင်းစာသတင်းထောက် ဆိုသူ တစ်ဦး ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၃ နာရီခန့်က ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ နှင့် PDF တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

· တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၌ ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ် နှင့် ရွာခံပျူစောထီးအဖွဲ့က နေအိမ်တစ်လုံးကိုဝင် ရောက်ရှာဖွေကာချိပ်ပိတ်ခဲ့ပြီး အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ဇန်နဝါရီ ၂၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (P.R.D.F) တာဝန်ရှိသူ၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦးသတင်းဌာနတွင် ဖော်ပြထားသည်။

· ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှ စစ်ကောင်စီထောက်တိုင် ပျူစောထီးခေါင်းဆောင်ဟုဆိုသူတစ်ဦးကို 'နန်းထိုက်အောင်စစ်ဆက်ရေး'အဖြစ် ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၄ နာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖြူးမြို့နယ်)က ပြောသည်။

· ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်တွင် စစ်တပ်က မတရားဖမ်းဆီး အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့်ထံသို့ ဇနီးဖြစ်သူ သမ္မတကတော် ဒေါ်ချိုချိုက ထောင်ဝင်စာပို့ရန် လူကိုယ်တိုင် သွားရောက် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီက ငြင်းပယ်သဖြင့် ထောင်ဝင်စာများ ယူ၍ ပြန်သွားရကြောင်း

ပြည်ထဲရေး သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

· ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ဇန်နဝါရီ ၂၄ ရက်၊ ညနေပိုင်းက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အစောင့်လုံခြုံရေး စစ်သား ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများ နှင့် ဒေသ ကာကွယ်ရေးတပ်ထံမှ သိရသည်။

· နိုင်ငံတစ်ဝန်းရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်‌ ကျောင်းသားလူငယ်များ နှင့် စုပေါင်း၍ တော်လှန်သော ကျောင်းသားများတပ်ဦးကို ဖွဲ့စည်းခဲ့ပြီး မဟာမိတ်များ နှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း တော်လှန်သော ကျောင်း သားများတပ်ဦးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။

· အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ် သပိတ်ပြုလုပ်ရန် ဒီမိုကရက်တစ်လူငယ်ကောင်စီ (Democratic Youth Council-DYC)က ပြည်သူများအား တိုက်တွန်းထားသည်။

· စစ်ကောင်စီက ကျင်းပရန် ပြင်နေသည့် ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း နှင့် အဆိုပါ ရွေး ကောက်ပွဲကော်မရှင် နှင့် ဘာတစ်ခုမှ ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော် ထွေး၏ ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီ မြန်မာပိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· NCA စာချုပ်တွင် ပါသည့်အတိုင်း လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် (၇) နှစ်ကျော် အချိန်ကာလကို နှမြောမိကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတွင် ဇန်နဝါရီ ၂၀ ရက်က စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက် မှ ၄၀ ဦးနှင့်အထက် သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက တရား ဝင် သတင်းထုတ်ပြန်သည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်အနီး ကမ်းနီ၊ ကော့ကာ၊ မိဂလုံ ကျေးရွာများ အနီးတွင် ယနေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများ ကြဲချသွားကြောင်း ဒေသပြည်သူများက ပြောသည်။

· ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ ကြာအင်းဆိပ်ကြီး မြို့ နယ်၊ ဘုရားသုံးဆူမြို့ နှင့် ၁၈ မိုင် အကွာ သတ္တုတူးဖော်ရေး လုပ်ကွက် တစ်ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကြဲချသွားကြောင်း ဒေသပြည်သူတချို့ ပြောဆိုသည်။

စစ်ကောင်စီ

· မြန်မာ-ကူဝိတ် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်မှုမြှင့်တင်ရန် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီးတို့ ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

· စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာထားသည့် ကာလသက်တမ်း ၂ နှစ်ပြည့်မည့် ယခု ဇန်နဝါရီလကုန်တွင် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ခေါ်ယူ သွားမည် ဖြစ်ပြီး လူစုံဖိတ်ကြားသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြည်တွင်း သတင်းဌာနတစ်ခုကို ပြောသည်။

· နိုင်ငံတစ်ဝန်းတွင် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးမှုများကို ယခု ဇန်နဝါရီလကုန်တွင် ပြန်လည် ပြုလုပ်ပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြည်တွင်းသတင်းဌာနတစ်ခုကို ပြောသည်။

· ရွေးကောက်ပွဲ ဖြစ်မဖြစ် ပြောရန် စောလွန်းနေသည်ဟု စစ်ကောင်စီဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကားပြီး VOA သတင်းဌာနတွင် ဖော်ပြထားသည်။

· စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့သည် ဇန်နဝါရီ(၂၄)ရက်က နေပြည်တော်တွင် တတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

· တရုတ်ထုတ် လျှပ်စစ်ကား အစီး ၄၀ စတင်ရောက်ရှိလာပြီး နေပြည်တော် နှင့် ရန်ကုန်တွင် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမည် ဖြစ်သည်ဟု စစ်ကောင်စီ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

· Imperial Myanmar Finance Co.,Ltd ၏ Money Changer လိုင်စင်ကို ရုပ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။

· ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် Taxi ကားများ၏ ဘေးစတစ်ကာနံပါတ်များတွင် မြို့နယ်အလိုက်သတ်မှတ်ထားသည့် သင်္ကေတ အမှတ်အသားနံပါတ်များအား ဖေဖော်ဝါရီ ၁

ရက်မှစတင်၍ ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

ဇန်နဝါရီ ၂၅ ရက် သုံးသပ်ချက်

· စစ်ကောင်စီသည် အာဏာသိမ်းနှစ်နှစ်ပြည့်မည့် ယခုလကုန်တွင် ကာလုံအစည်းအဝေးခေါ်ယူ မည်ဟုဆို ထားသည့်တွက် အကြောင်းအပြချက်ပေးမျိုးစုံပေးကာ နိုင်ငံအာဏာဆက်လက်ရယူရန် ဆောင်ရွက်ခြင်း ဖြစ်သည်။

· နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပုံမှန် မရနေသော်လည်း စစ်ကောင်စီက ရန်ကုန် နှင့် မန္တလေးတွင် တရုတ်ထုတ် လျှပ်စစ်တက္ကစီများ ပြေးဆွဲရန် စီစဉ်နေခြင်းသည် တကယ့်လက်တွေ့အခြေအနေ နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ပြည်သူများက ဝေဖန်နေကြသည်။

· စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင် RCSS ခေါင်းဆောင်က NCA လက်မှတ် ရေးထိုးပြီး နိုင်ငံရေးအရ တိုးတက်မှုမရှိခြင်းအပေါ် နှမြောမိသည်ဟု ပြောဆိုချက်သည်း စစ်အာဏာရှင် တော်လှန်ရေးအတွက် အားသာချက်ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly