ကုလလူ့အခွင့်အရေးကောင်စီတွင် စစ်ကောင်စီကို ကိုယ်စားပြုခွင့်နေရာ ယမန်နှစ်အတိုင်း လစ်လပ်ထားရှိ 

ကုလလူ့အခွင့်အရေးကောင်စီတွင် စစ်ကောင်စီကို ကိုယ်စားပြုခွင့်နေရာ ယမန်နှစ်အတိုင်း လစ်လပ်ထားရှိ 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာစစ်ကောင်စီခန့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကို နိုင်ငံကိုယ်စားပြုခွင့်ပေးမည်မဟုတ်ဘဲ ယမန်နှစ်အတိုင်း လစ်လပ်ထားရှိမည်ဟု ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မတီက မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်နှင့်ပတ်သက်၍ ရွှေ့ဆိုင်းကြောင်းဆုံးဖြတ်ခဲ့သဖြင့် ဆွစ်ဇာလန်၊ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း ယမန်နှစ်အတိုင်း ဆက်လက်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ကုလလူ့အခွင့်အရေးကောင်စီ၌ အကြမ်းဖက်မြန်မာစစ်ကောင်စီက ကိုယ်စားပြုခွင့်ရရန် ကြိုးပမ်းနေရာ ကောင်စီ၏ ယခုဆုံးဖြတ်ချက်ကြောင့်ကုလသမဂ္ဂမျက်နှာစာ၌ အရှုံးနှင့် ထပ်မံရင်ဆိုင်ခဲ့ရသည်။

ကုလသမဂ္ဂဌာနချုပ်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာပြည်သူများနှင့်တစ်သားတည်းရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသည့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်နေရာရရှိထားသည်။ 

စစ်တပ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ဖေဖော်ဝါရီအစောပိုင်းကာလတွင် ထိုစဉ်က အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူက စစ်ကောင်စီအတွက် ကုလလူ့အခွင့်အရေးကောင်စီ၌ ကိုယ်စားပြုခွင့်ရခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းနုတ်ထွက်သွားရာ ထိုအချိန်မှစတင်ကာ ကောင်စီ၌ မြန်မာကိုယ်စားပြုခွင့်ကို စစ်ကောင်စီက မရရှိခဲ့ခြင်းဖြစ်သည်။ 

၂၀၂၁ ဖေဖော်ဝါရီ ဒုတိယပတ်တွင် စစ်ကောင်စီအတွက် သံအမတ်ကြီး ဦးမြင့်သူက လူ့အခွင့်အရေးကောင်စီ၌ ကာကွယ်ပြောဆိုခဲ့ရာ ရာနှင့်ချီသော အရပ်ဖက်အဖွဲ့အစည်းများက ယင်းသံအမတ်ကို ဖယ်ရှားပေးရန် တခဲနက် လက်မှတ်ထိုးတင်ပြတောင်းဆိုခဲ့ကြသည်။

ထို့အတွက်စစ်အုပ်စုကိုယ်စားပြုသံအမတ်/သံရုံးအား လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ကို ၂၀၂၁ ဇွန်လမှစတင် ပိတ်ခံလိုက်ခြင်းဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုသည် ကုလသမဂ္ဂနှင့်သက်ဆိုင်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) တို့၌လည်း ကိုယ်စားပြုခွင့်ဆုံးရှုံးနေဆဲဖြစ်သည်။

#PoliticalNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required