ရှေ့ဆက်မည့်တော်လှန်ရေးအတွက် ပြည်သူလူထု၏ ထည့်ဝင်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် NUG ရရှိထား

ရှေ့ဆက်မည့်တော်လှန်ရေးအတွက် ပြည်သူလူထု၏ ထည့်ဝင်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် NUG ရရှိထား

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀၉ သန်းခန့် ရရှိထားပြီး မကြာမီတွင်လည်း တန်ဖိုးသင့်တိုက်ခန်းများ၊ အဆင့်မြင့်ကွန်ဒိုများနှင့် မိုးကုတ်ရတနာမြေ၌ ကျောက်မျက်တူးဖော်ခွင့်တို့ကို ရောင်းချ၊လုပ်ပိုင်ခွင့်များ ချထားပေးမည်ဟု သိရသည်။

၂၀၂၁ နိုဝင်ဘာမှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်(Bond)များရောင်းချခဲ့ရာ ယင်းရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၄၅ သန်းခန့် ရောင်းချခဲ့ပြီးဖြစ်ပြီး လက်ရှိ လည်း ဆက်လက်လည်းရောင်းချနေရဆဲဖြစ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးအထက်ပါဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ထို့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး(The End of Dictatorship)ခေါင်းစဉ်အောက်မှ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် သိမ်းယူထားသော ရန်ကုန်မြို့ အင်းယားလမ်းမှ ခြံအမှတ် ၁၄ ကို လေလံတင်ရောင်းချရာ သတ်မှတ်ထားသည့် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချပြီးဖြစ်ကြောင်း နှင့် ထပ်မံ၍ မင်းအောင်လှိုင်၏ ၆ မိုင်ခွဲနေအိမ်ကိုလည်း ဒေါ်လာ ၇ သန်း သတ်မှတ်ထားရာ ၄ သန်းဖိုး ရောင်းချပြီးဖြစ်ကြောင်း ရှင်းလင်းသည်။

တော်လှန်ရေးအတွက် ပြည်သူလူထု၏ ထည့်ဝင်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို တော်လှန်ရေးအတွက် အရေးကြီးဆုံးကဏ္ဍအတွက် ဦးစားပေးသုံးစွဲပြီး တစ်ပြိုင်နက်တည်းတွင် ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု၊ အမျိုးသမီးနှင့် ကလေးသူငယ်အရေး စသည့် မဖြစ်မနေသုံးစွဲရမည့်ကဏ္ဍများအတွက် ဖြန့်ခွဲသုံးစွဲနေကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်များက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အခွန်ကောက်ခံခဲ့ရာ လက်ရှိအချိန်အထိ ကျပ် ၃ ဘီလီယံခန့် ရရှိပြီးဖြစ်ကြောင်း အစီရင်ခံသည်။ အဆိုပါ အခွန်ငွေများကို စိုးမိုးထိန်းချုပ်နယ်မြေ မြို့နယ် ၃၈ မြို့ခန့်မှ ရရှိထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးကာလအတွင်း ကြိုတင်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရှိ လုပ်ငန်းရှင်များအတွက် မိုးကုတ်ရတနာမြေ၌ ကျောက်မျက်တူးဖော်ခွင့်(mining rights)ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

မိုးကုတ်ရတနာမြေ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် NUG ၏ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ နယ်ပယ်အသီးအသီးမှ ကျွမ်းကျင် ပညာရှင်များ၊ အကြံပေးအဖွဲ့များ၊ ဥပဒေကြောင်းအရ ရှိရင်းစွဲဥပဒေများ၊ နိုင်ငံတကာမှ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို လေ့လာဆောင်ရွက်ခဲ့ပြီး NUG အစိုးရအဖွဲ့ အစည်းအဝေးမှ အတည်ပြုချက်ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း NUG ဝန်ကြီးများက ရှင်းလင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required