မြန်မာထံ စစ်လက်နက်ပစ္စည်း ရောင်းချခြင်းကြောင့် တရုတ်နှင့် အိန္ဒိယကုမ္ပဏီတို့ကို နော်ဝေရင်းနှီးမြှုပ်နှံရေးရန်ပုံငွေအဖွဲ့ ဖယ်ရှား 

By Market Watch 
25 January 2023
မြန်မာထံ စစ်လက်နက်ပစ္စည်း ရောင်းချခြင်းကြောင့် တရုတ်နှင့် အိန္ဒိယကုမ္ပဏီတို့ကို နော်ဝေရင်းနှီးမြှုပ်နှံရေးရန်ပုံငွေအဖွဲ့ ဖယ်ရှား 

မြန်မာနိုင်ငံအား စစ်လက်နက်ပစ္စည်း ရောင်းချခြင်းကြောင့် တရုတ်၏ AviChina Industry & Technology Co. နှင့် အိန္ဒိယနိုင်ငံပိုင် Bharat Electronics Ltd. ကုမ္ပဏီနှစ်ရပ်တို့ကို နော်ဝေ၏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုမှ ဖယ်ရှားပစ်ရန် ဆုံးဖြတ်ကြောင်း အင်္ဂါနေ့ နှောင်းပိုင်းတွင် ပြောသည်။ 

လေယာဉ်တည်ဆောက်မှုနှင့် ကာကွယ်ရေးဆိုင်ရာ ယင်း ကုမ္ပဏီနှစ်ရပ်သည် “ရန်လိုသည့် အပြုအမူများဖြင့် နိုင်ငံတကာစည်းမျဉ်းဥပဒေများကို စနစ်တကျ ချိုးဖောက်နေသော နည်းလမ်းများဖြင့် လက်နက်များ အသုံးပြုနေသည့် နိုင်ငံတစ်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချနေသည့် ကုမ္ပဏီများဖြစ်ပြီး လက်သင့်ခံစရာမရှိ၍” ဖယ်ထုတ်ခြင်းဖြစ်သည်ဟု ရန်ပုံငွေအဖွဲ့က ပြောသည်။ 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကို နော်ဝေဗဟိုဘဏ်က စီမံအုပ်ချုပ်ခြင်း ဖြစ်သော်လည်း ရင်းနှီးမြုပ်နှံမှုမှ ကုမ္ပဏီများအား ဖယ်ရှားခြင်းနှင့် ထည့်သွင်းခြင်း ဆုံးဖြတ်ချက်တို့ကိုမူ ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်အပ်သည့် အထူးကောင်စီ၏ မှတ်ချက်ပြုသုံးသပ်ချက်အပေါ် အခြေခံ လုပ်ဆောင်ခြင်း ဖြစ်သည်။ 

ရန်ပုံငွေအဖွဲ့အနေဖြင့် သေချာသော လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းများ၊ ဆေးရွက်ကြီး ထုတ်လုပ်ခြင်းများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေရာတွင် တာဝန်မကင်းသည့် ကုမ္ပဏီများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်း မပြုရန် လမ်းညွှန်ချက်များကို လိုက်နာရသည်။ 

အင်္ဂါနေ့က ယခု ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံမှ စစ်တပ်သို့ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်များနှင့် လက်နက်များ ရောင်းချခြင်းနှင့် သက်ဆိုင်နေသည်။ 

၂၀၂၁ အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးနောက်တို့တွင် မြန်မာနိုင်ငံက လက်နက်ကိုင်စစ်တပ်သည် အရပ်သားပြည်သူအပေါ် ပြင်းပြင်းထန်ထန် မတော်မတရား ပြုကျင့်နေပြီး စစ်တပ်၏ တိုက်ခိုက်မှုများသည်လည်း နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းနှင့် စနစ်တကျ ချိုးဖောက်ရာ မြောက်ကြောင်း အထူးကောင်စီအဖွဲ့က ပြောသည်။ 

“၂၀၁၈ ကစပြီး မြန်မာနိုင်ငံဆီ လက်နက်ရောင်းတဲ့ သူတိုင်းဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်ရာမှာ အသုံးပြုခံရတယ်ဆိုတာကို နားလည်ထားသင့်တယ်လို့ ကောင်စီအနေနဲ့ ခံယူထားပြီး ဖြစ်တယ်”ဟု အဆိုပါ အထူးကောင်စီက ဆိုသည်။ 

၂၀၂၁ နှစ်ကုန်အထိ ရန်ပုံငွေအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုသည် AviChina တွင် ပိုင်ဆိုင်မှု ရှယ်ယာ ၀ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် Bharat Electronics တွင် ၀ ဒသမ ၃၂ ရာခိုင်နှုန်း ရှိထားကြောင်း ရရှိသမျှ သတင်းအချက်အလက်အရ သိရသည်။ 

အဆိုပါ ကုမ္ပဏီနှစ်ရပ်ကို ထင်မြင်ချက်တောင်းရာတွင် လက်ငင်းတုံ့ပြန်မှု မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required