ကျေးလက်ဒေသများ၌ ရောဂါဖြစ်ပွားမည်ကို ရှီကျင့်ဖျင် စိုးရိမ်နေသဖြင့် တရုတ်တွင် ကိုဗစ်ဆေးများ အလျင်အမြန် ထုတ်လုပ်နေ 

ကျေးလက်ဒေသများ၌ ရောဂါဖြစ်ပွားမည်ကို ရှီကျင့်ဖျင် စိုးရိမ်နေသဖြင့် တရုတ်တွင် ကိုဗစ်ဆေးများ အလျင်အမြန် ထုတ်လုပ်နေ 

ကိုဗစ်ကူးစက်မှု ရုတ်တရက် ဖြစ်ပွားခြင်းကို  ကိုင်တွယ်နိုင်ခြင်းမရှိသော ကျေးလက်‌ဒေသများသို့ အားလပ်ရက်ခရီးသွားသူ များလာသည့်အပေါ် စိုးရိမ်ကြောင်း  သမ္မတ ရှီကျင့်ဖျင်က ပြောကြားပြီးနောက် တရုတ် ဆေးထုတ်လုပ်သူများသည်  အဖျားပျောက်ဆေးနှင့် ကိုဗစ်-၁၉ ကုသဆေးများကို ဇန်နဝါရီ ၁၉ ရက်မှစ၍ အလျင်အမြန် ထုတ်လုပ်လျက်ရှိသည်။

စည်ကားသော နှစ်သစ်ကူး အားလပ်ရက်ရာသီတွင် ခရီးသွားလာမှု များပြားလာသည်နှင့်အမျှ ရောဂါကြောင့် တစ်နေ့လျှင် လူ ၃၆ ၀၀၀ ခန့် သေဆုံးနိုင်ကြောင်း ဗြိတိန်အခြေစိုက်အချက်အလက်ကုမ္ပဏီ Airfinity ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆေးရုံများတွင် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း ကိုဗစ်လူနာ ၆၀ ၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း တရုတ်အစိုးက ဇန်နဝါရီ ၁၄ တွင် ထုတ်ပြန်ခဲ့ပြီး ယခင်ထုတ်ပြန်ချက်များထက် အရေအတွက် ၁၀ ဆခန့် မြင့်တက်လာခဲ့သည်။

သို့သော် ထိုအရေအတွက်သည် အိမ်တွင်သေဆုံးသူများကို ထည့်မတွက်ထားဘဲ  ကိုဗစ်ကြောင့် သေဆုံးကြောင်း  စာရင်းမသွင်းရန် တရုတ်နိုင်ငံမှ ဆရာဝန်အချို့မှာလည်း ဖိအားပေးခံနေရသည်။ တရုတ်အစိုးရထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများသည် ဗိုင်းရပ်စ်ကြောင့်သေဆုံးသည့်အရေအတွက်အမှန်ကို ကိုယ်စားမပြုကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ပြောသည်။
"ဆေးရုံတွေ လူပြည့်နေပြီး ဈာပနအခမ်းအနားတွေမှာ လူတွေတန်းစီနေပုံထောက်ရင် ကိုဗစ်ကြောင့် သေဆုံးသူ များတယ်လို့ ခန့်မှန်းလို့ရပါတယ်။  သေဆုံးသူ ၆၀ ၀၀၀ မဟုတ်ဘဲ ၆၀၀ ၀၀၀ အထက်တောင်ဖြစ်နိုင်ပါတယ်” ဟု ဟောင်ကောင်တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒပညာရှင် ဘန်ခေါင်လင်းက ပြောကြားခဲ့သည်။ 

ဆေးဝါးဝယ်လိုအား မြင့်မားမှုကို ဖြည့်ဆည်းနိုင်ရန် တရုတ်နိုင်ငံရှိ ဆေးဝါးထုတ်လုပ်သူများသည် အဓိက အဖျားကျဆေးနှင့် ချောင်းဆိုးပျောက်ဆေးများအတွက် ထုတ်လုပ်မှုကို ၃ ဆတိုး၍ လုပ်ဆောင်နေကြောင်း အစိုးရပိုင် China Daily က ဇန်နဝါရီ ၁၉ တွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ပိုမိုထိရောက်သည်ဆိုသော ပြည်ပကာကွယ်ဆေးများကို ရှောင်ကြည်ကာ ကပ်ရောဂါကို တိုက်ဖျက်ရန် ပြည်တွင်းကာကွယ်ဆေးများကို မှီခိုအားထားခဲ့ပြီး  ကိုဗစ်-၁၉ ကုသည့် နိုင်ငံခြားဆေးများမှာ တရုတ်နိုင်ငံတွင် ရရှိရန် ခက်ခဲသည်။ 

"တရုတ်ရဲ့ ကိုဗစ်ကာကွယ်ရေးနဲ့ ထိန်းချုပ်မှုက ခက်ခဲနေတုန်းပါပဲ။ ဒါပေမယ့် မျှော်လင့်ချက်အလင်းရောင်က လက်တစ်ကမ်းမှာပါ။  ဇွဲကောင်းကောင်းနဲ့ အောင်ပွဲခံမှာပါ" ဟု ရှီက ဇန်နဝါရီ ၁၈ ရက်တွင် နိုင်ငံပိုင်ရုပ်သံလိုင်း CCTV မှ နှစ်သစ်ကူးမိန့်ခွန်းတွင် ကြားခဲ့သည်။
"ကျေးလက်ဒေသနဲ့ လယ်သမားတွေအတွက် ကျွန်တော် အစိုးရိမ်ဆုံးပါ။ ကျေးလက်ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အထောက်အကူတွေ အတော်လေး အားနည်းတဲ့အတွက် ကြိုတင်ကာကွယ်ဖို့ ခက်ခဲပြီး တာဝန်တွေက များပါတယ်။ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရပါမယ်" ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှ ၂၇ ရက်အတွင်း လူပေါင်း ၆၂ သန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကာ ကိုဗစ်နှင့် ဆက်နွှယ်သည့်သေဆုံးမှုမှာ ဇန်နဝါရီ ၂၆ ရက်တွင် ၁ ရက်လျှင် ၃၆ ၀၀၀ ဦးအထိ ရှိနိုင်ကြောင်း Airfinity က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့ပြီး ယခင်ခန့်မှန်းချက်ထက် သိသိသာသာ မြင့်တက်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly