ပေကျင်းတွင် ဆန္ဒပြခဲ့သည့် တရုတ်အမျိုးသမီးတစ်ဦး လျှို့ဝှက်နေရာ၌ ထိန်းသိမ်းခံရ 

By The Guardian
25 January 2023
ပေကျင်းတွင် ဆန္ဒပြခဲ့သည့် တရုတ်အမျိုးသမီးတစ်ဦး လျှို့ဝှက်နေရာ၌ ထိန်းသိမ်းခံရ 

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ၌  ပါဝင်ခဲ့သော  အမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲ့သည် သူမနှင့်သူငယ်ချင်းများကို ဖမ်းဝရမ်းစာရွက်ဗြောင်ပေါ်တွင် အတင်းအကျပ် လက်မှတ်ထိုးခိုင်းကာ လျှို့ဝှက်နေရာများတွင် ထိန်းသိမ်းထားခံထားရကြောင်း  စွပ်စွဲထားသည်။

Peking University Press ပုံနှိပ်ထုတ်ဝေရေးအဖွဲ့မှ အသက် ၂၆ နှစ်အရွယ် အယ်ဒီတာ ချောင်ဇီရှင်း ပြောဆိုထားသည့် ဗီဒီယိုသည် ဇန်နဝါရီ ၁၆ ရက်က အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သည်။
ချောင်နှင့် သူငယ်ချင်း ၅ ဦးသည် အူရမ်ချီမြို့ အဆောက်အအုံမီးလောင်မှုအတွင်း သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသသည့်အနေဖြင့် နိုဝင်ဘာ ၂၇ ရက်က ပေကျင်းမြို့ရှိ မြစ်ကမ်းဘေးတွင်ပြုလုပ်သော ဆုတောင်းပွဲသို့ တက်ရောက်ခဲ့သည်။ မီးလောင်ကျွမ်းမှုသည် တရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ကျင့်သုံးခြင်းနှင့် ဆက်စပ်နေပြီး ဆန္ဒပြမှုများအတွက် အကြောင်းရင်းတစ်ခုဖြစ်လာခဲ့သည်။ 

ရက်အနည်းငယ်အကြာတွင် ရဲများက ၎င်းတို့အား  ဆင့်ခေါ်ခဲ့ပြီး ၂၄ နာရီအကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဒီဇင်ဘာ ၁၈ နှင့် ၂၄ အကြားတွင် အားလုံးကို ထပ်မံဖမ်းဆီးခဲ့ကာ ချောင်သည် နောက်ဆုံး အဖမ်းခံရသူ ဖြစ်သည်။ သူငယ်ချင်းအများအပြား ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ချောင်က မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးခဲ့ပြီး သူမ အဖမ်းခံရပါက  ပြည်သူလူထုကို ချပြရန် အမည်မဖော်လိုသော သူငယ်ချင်းများကို ညွှန်ကြားခဲ့သည်ဟု ဆိုသည်။
“ဒီဗီဒီယိုကို မင်းတို့ကြည့်နေတဲ့အချိန်မှာ ငါ့ကို တခြားသူငယ်ချင်းတွေလိုပဲ ရဲတွေက ခဏဆိုပြီး ဖမ်းဆီးဖို့ ခေါ်သွားကြပါပြီ” ဟု ချောင်က ပြောကြားထားသည်။ 

ချောင်၏ သူငယ်ချင်းများသည် ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များ မဖော်ပြထားသော ဖမ်းဝရမ်းစာရွက် အလွတ်တွင် လက်မှတ်ရေးထိုးခဲ့ရပြီး ရဲများက ထိန်းသိမ်းထားသည့်နေရာကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ကြောင်း ချောင်က ပြောသည်။
ချောင်၏ ဗီဒီယိုသည် အနောက်နိုင်ငံ လူမှုမီဒီယာ ပလက်ဖောင်းများပေါ်နှင့် တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်သည့်အဖွဲ့များအကြား ပျံ့နှံ့သွားခဲ့သည်။ သို့သော် တင်းကျပ်စွာ စောင့်ကြည့် ထိန်းချုပ်ထားသည့် တရုတ်အင်တာနက်ပေါ်တွင် အနည်းငယ်သာ တွေ့ရှိရသည်။ 
ချောင်၏အမှုသည် ပြီးခဲ့သည့်သီတင်းပတ်က (NPR) သတင်းဌာနမှ အတည်ပြုထုတ်ပြန်ခဲ့သော ဆန္ဒပြမှုနှင့် ပတ်သက်သော ဖမ်းဆီးမှု ၈ ခု အနက်မှ ၁ ခု ဖြစ်ပြီး ထိုအချိန်က သူမ၏ အမည်ကို ဖော်ပြခြင်း မရှိပေ။ ယင်းဗီဒီယိုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သို့မဟုတ် ပျောက်ဆုံးနေသော ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူများ၏ အမည်များကိုလည်း ဖော်ပြထားသည်။ 

ရဲတပ်ဖွဲ့က ကျောင်းသားများနှင့် အခြားလူငယ်များကို စုံစမ်းမေးမြန်းရန် သို့မဟုတ် ဖမ်းဆီးရန် ခြေရာခံခဲ့ကြောင်း NPR က အသေးစိတ် ဖော်ပြခဲ့ပြီး ဆန္ဒပြသူအချို့သည် Telegram အဖွဲ့များဖွဲ့၍ ဦးဆောင်စည်းရုံးမှု သို့မဟုတ် ပြည်ပမီဒီယာများတွင် ၎င်းတို့ ရုပ်ပုံများ ပါဝင်လာမှုအတွက် စွပ်စွဲ ဖမ်းဆီးခံထားရသည်။ 
ချောင်နှင့် သူငယ်ချင်းများသည် စည်းကမ်း လိုက်နာခဲ့ပြီး အာဏာပိုင်များနှင့် ပဋိပက္ခ မဖြစ်ပွားခဲ့ကြောင်း ချောင်က ပြောသည်။ 

“ကျွန်မတို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းကို ဂရုစိုက်ပါတယ်။ ကျွန်မတို့ရဲ့ အပေါင်းအဖော်တွေ သေဆုံးသွားတဲ့အခါ ကျွန်မတို့ရဲ့ သဘာဝကျတဲ့ ခံစားချက်တွေကို ဖော်ပြပိုင်ခွင့်ရှိပါတယ်။ အသက်ဆုံးရှုံးခဲ့ရသူတွေကို စာနာမိတဲ့အတွက်ကြောင့် ဆန္ဒဖော်ထုတ်ပွဲကို သွားခဲ့တာပါ။" ဟု ချောင်က ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly