ပါကစ္စတန်နာမည်ကြီးရှေ့နေတစ်ဦး ပါရှ်ဝါမြို့တရားရုံးချုပ်တွင် လုပ်ကြံခံရ

By Times of India
25 January 2023
ပါကစ္စတန်နာမည်ကြီးရှေ့နေတစ်ဦး ပါရှ်ဝါမြို့တရားရုံးချုပ်တွင် လုပ်ကြံခံရ

စစ်တပ်နှင့် စစ်သွေးကြွများကို ပြင်းပြင်းထန်ထန်ဝေဖန်သူအဖြစ် လူသိများသော ပါကစ္စတန်နာမည်ကြီးရှေ့နေ အဗ္ဗဒူ လာတစ်ဖ် အဖရီဒီသည် ဇန်နဝါရီ ၁၆ ရက်က ပါ့ရှ်ဝါမြို့ တရားရုံးချုပ်၏ ရှေ့နေနားနေခန်းအတွင်း၌ ပစ်သတ်ခံလိုက်ရသည်။
အသက် (၇၉) နှစ် ရှိသူ အဗ္ဗဒူ လာတစ်ဖ် အဖရီဒီသည် နားနေခန်း၌  ရှေ့နေများနှင့်အတူ ထိုင်နေစဉ် သေနတ်သမားတစ်ဦးက သေနတ်ဖြင့် ၆ ချက်ပစ်သတ်သွားခဲ့သည်။

ပါကစ္စတန်တရားရုံးချုပ် ရှေ့နေအဖွဲ့၏ ဥက္ကဌလည်းဖြစ်ခဲ့ဖူးသော အဖရီဒီအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆရာဝန်များက သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။ အဖရီဒီသည် ကျည် ၆ ချက် ထိမှန်ခဲ့သည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပါ့ရှ်ဝါတရားရုံးတွင် ရဲတပ်ဖွဲ့ဝင်များ ထူထပ်စွာချထားသော်လည်း ရှေ့နေများကို တရားရုံးဝင်ပေါက်တွင် ရှာဖွေခြင်း မပြုပေ။

ယုံကြည်ကိုးကွယ်မှုအပေါ် ပုတ်ခတ်ပြောဆိုမှု စွဲချက်ဖြင့် ရုံးတင်စစ်ဆေးခံနေရသော ပါကစ္စတန်နွယ်ဖွား အမေရိကန် နိုင်ငံသား အာမာဒီကို ၂၀၂၀ ခုနှစ်တွင် ဘာသာရေး အစွန်းရောက်သူတစ်ဦးက တရားရုံးခန်းအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်ခံရပြီးနောက်  လုံခြုံရေးအစီအစဉ်များအပေါ်  မေးခွန်းထုတ်ခဲ့ကြသည်။
"အခင်းဖြစ်ရာနေရာမှာပဲ တရားခံကို  ဖမ်းမိခဲ့ပါတယ်" အကြီးတန်းရဲအရာရှိ ကာရှစ်ဖ်အဘာစီက ပြောကြားခဲ့သည်။ အက်ဒ်နမ် အာဖရီဒီ ဟု ခေါ်သော သံသယရှိသူသည် ရှေ့နေပုံစံ ဝတ်ဆင်၍ တရားရုံးဝင်းထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

သေနတ်သမားသည် ထွက်ပြေးရန် မကြိုးစားခဲ့ကြောင်း ရှေ့နေများက ပြောသည်။ ပါ့ရှ်ဝါတရားရုံးချုပ် ရှေ့နေအဖွဲ့ က ထိုဖြစ်ရပ်သည် လုံခြုံရေးလစ်ဟာမှုကြောင့် ဖြစ်ကြောင်းနှင့် တရားရုံးချုပ်အဆောက်အအံအတွင်းရှိ ရှေ့နေနားနေခန်းသို့ လက်နက်ပါသည့်လူ ဝင်ရောက်လာမှုအပေါ်   မေးခွန်းထုတ်ခဲ့ကြသည်။
ပါကစ္စတန် ရှေ့နေများကောင်စီက လူသတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး နိုင်ငံတစ်ဝန်း ရှေ့နေများက ဇန်နဝါရီ ၁၇ ရက်တွင် ရုံးမတက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။

တရားရုံးများနှင့် ရှေ့နေများကို လုံခြုံရေးပေးနှင့် ပတ်သက်၍ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်အစိုးရ၊ ရဲတပ်ဖွဲ့နှင့် ဥပဒေစိုးမိုးရေးအေဂျင်စီများ၏ ပျက်ကွက်မှုအပေါ် ရှေ့နေများ ကောင်စီအဖွဲ့ဝင်များက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly