စစ်ခေါင်းဆောင်အသစ်များနှင့် မိမိတို့ ပါတီ အဆက်အသွယ်မရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြောကြား

By ANI
25 January 2023
စစ်ခေါင်းဆောင်အသစ်များနှင့် မိမိတို့ ပါတီ အဆက်အသွယ်မရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြောကြား

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီသည် လက်ရှိအချိန်တွင်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်သစ်များနှင့် အဆက်အသွယ် မရှိကြောင်း ဇန်နဝါရီ ၁၈ ရက်က ပြောကြားသည်ဟု ပါကစ္စတန်အခြေစိုက် The News International သတင်းစာက ဖော်ပြသည်။

ခန်းက လက်ရှိ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆယက် အစင် မူနား နှင့် အဆက်အစပ်မရှိကြောင်း နှင့် အထွေထွေရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ် ဧပြီတွင် ကျင်းပရမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။ နိုင်ငံ အုပ်ချုပ်ရေးတွင်  လက်ရှိပါကစ္စတန်အစိုးရအား ကူညီဆောင်ရွက်ပေးနေသော စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ကာမာဂျာဗက် ဘက်ဂျ်ဝါအား အပြစ်တင်ခဲ့ပြီး အစိုးရအနေဖြင့် ဧပြီတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပရလိမ့်မည်ဟု ပြောကြားခဲ့သည်။

“သူတို့ အာဏာရလာတဲ့အခါ ရူပီး ဘီလီယံ ၁၁၀၀ အဂတိလိုက်စားတဲ့အမှုကို ပိတ်ပစ်ခဲ့ပါတယ်” ဟု ခန်း၏ ပြောကြားချက်ကို ကိုးကား၍ The News International သတင်းစာက ဖော်ပြခဲ့သည်။  ခန်းက နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းအတွက် လက်ရှိအစိုးရကို အပြစ်တင်ပြီး ပါကစ္စတန်၏ စီးပွားရေးအခြေအနေသည် ယခုကဲ့သို့ မဖြစ်ဖူးခဲ့ကြောင်း တရားမျှတ၍ ပွင့်လင်းမြင်သာသော ‌ရွေးကောက်ပွဲသည်သာ အဆိုပါပြဿနာများအတွက် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။
“ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ် ဦးဆောင်တဲ့ လက်ရှိအစိုးရဟာ အပေးအယူလုပ်ပြီးတော့ အာဏာရလာတာပါ” ဟု ခန်းက ပြောကြားခဲ့သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များသည် ဥပဒေအထက်တွင် ရှိကြပြီး လွန်ခဲ့သည့်နှစ်များအတွင်း ၎င်းတို့တင်ပြခဲ့သော အဂတိလိုက်စားမှုများအား ပြည်ဖုံးကားချခဲ့သည်ဟု PTI အကြီးအကဲက ဆိုသည်။ “ရှာဘက် ရှရစ်ဖ်၊ နာဝက်ဇ် ရှရစ်ဖ်၊ အစစ်ဖ် ဇာဒါရီ နှင့် မာရမ် နာဝက်ဇ်တို့ အားလုံးရဲ့ အမှုကိစ္စအားလုံးကို လျှော်ပစ်လိုက်ကြပြီ” ဟု ခန်းက ပြောကြားခဲ့သည်။
ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြစ်စေရန် ခိုင်ဘာ ပက်ခ်တွန်ခဝါနှင့် ပန်ဂျပ်လွှတ်တော်တို့ကို လက်လွှတ်ခဲ့ကြောင်း ခန်းက ပြောကြားခဲ့သည်။ 

“ဧပြီမှာ ရွေးကောက်ပွဲကျင်းပဖို့ ဒီအစိုးရကို တွန်းအားပေးကြတော့မယ်။ ရင်းနှီးမြုပ်နှံသူတွေ စီးပွားရေး လုပ်ငန်းရှင်တွေက အစိုးရကို  အယုံအကြည်မရှိကြသလို  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း အယုံအကြည်မရှိကြဘူး” ဟု ခန်းက  ဆိုသည်။
"ပါကစ္စတန်ဟာ အကျပ်အတည်းဆိုက်နေပါပြီ။ သီရိလင်္ကာလို အခြေအနေကနေ တိုင်းပြည်ကို ကယ်တင်ဖို့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လိုအပ်ပါတယ်" ဟု ခန်းက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly