ပါကစ္စတန် ဂီလ်ဂစ်ဘော်လ်တီစတန်ကို အိန္ဒိယနှင့် ပေါင်းစည်းရန် ဆန္ဒပြသူများ  တောင်းဆို 

By ANI
25 January 2023
ပါကစ္စတန် ဂီလ်ဂစ်ဘော်လ်တီစတန်ကို အိန္ဒိယနှင့် ပေါင်းစည်းရန် ဆန္ဒပြသူများ  တောင်းဆို 

ပါကစ္စတန်နိုင်ငံပိုင် ဂီဂစ်ဘော်လ်တီစတန်မှ ဒေသခံများသည် အိန္ဒိယနှင့် ပေါင်းစည်းရန် ဆန္ဒပြတောင်းဆိုနေခြင်းကြောင့် ပါကစ္စတန်အစိုးရအတွက် စိုးရိမ်စရာဖြစ်လာကြောင်း  Islam Khabar သတင်းဌာနက ဖော်ပြထားသည်။ 
ပါကစ္စတန်၏ အဓိကသတင်းမီဒီယာများသည် ဂီဂစ်ဘော်လ်တီစတန်ရှိ ယင်းဆန္ဒပြပွဲများကို မသိကျိုးကျွံပြုနေသည်ဟု Islam Khabar က ဖော်ပြခဲ့သည်။

ပန်ဂျပ်ပြည်နယ်မှလွဲ၍ ပါကစ္စတန် ပြည်နယ်အားလုံးသည် ပါကစ္စတန်မှခွဲထွက်လိုကြောင်း ယခင်က ပြောခဲ့ကြသည်။ သို့သော် မည်သူမျှ အိန္ဒိယနှင့် ပူးပေါင်းလိုသည့် ဆန္ဒမရှိပေ။  ဂီဂစ်ဘော်လ်တီစတန်သည် ယခုအခါ အိန္ဒိယနှင့် ပေါင်းစည်းရန် တောင်းဆိုလာခြင်းဖြစ်သည်။ ထိုသို့တောင်းဆိုမှုသည် ကက်ရှ်မီးယားအငြင်းပွားမှုတစ်ခုလုံးနှင့်ပတ်သက်၍ ပါကစ္စတန်၏ ပြောကြားချက်များကို ထိခိုက်နိုင်သည်ဟု Islam Khabar တွင် ရေးသားထားသည်။

ဖြစ်ပေါ်လာသည့် အခြေအနေနှင့်ပတ်သက်၍ အိန္ဒိယက တရားဝင် တုံ့ပြန်ခြင်းမရှိသော်လည်း ကက်ရှ်မီးယားအငြင်းပွားမှုကို  တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် အခမ်းအနားများ၌ ဆွေးနွေးနေချိန်တွင် ပါကစ္စတန်အပေါ် ဆန္ဒပြမှုများကို ကိုးကားပြောဆိုဖွယ်ရှိသည်။ " ပါကစ္စတန်က သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားကို အိန္ဒိယက သူ့ရဲ့ ခွဲမရတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တောင်းဆိုထားဆဲဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပါကစ္စတန်က အိန္ဒိယကို လူသားတွေအပေါ် ရက်စက်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ပြီးတော့ အိန္ဒိယ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဂျမူး နဲ့ ကက်ရှ်မီးယားလွတ်လပ်ခွင့်ကို  လိုလားနေတာပါ" ဟု Islam Khabar သတင်းတွင် ရေးသားထားသည်။

အိန္ဒိယအစိုးရ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာများသည် စစ်ဘက်ဖိနှိပ်မှု၊ အခြေခံရပိုင်ခွင့်မရှိမှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ရေရှည်မတည်တံ့နိုင်သော သယံဇာတ အမြတ်ထုတ်မှုများအပါအဝင် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ ပြဿနာများကို မကြာခဏ ဖော်ပြခဲ့သည်။ 

ထိုသို့သော ပေါင်းစည်းရေး တောင်းဆိုမှုများ ပေါ်လာနိုင်သည်ကို ပါကစ္စတန်အစိုးရက သိခဲ့လိမ့်မည် မဟုတ်ပေ။ ပါကစ္စတန်၏ ပင်မသတင်းမီဒီယာများသည် ဂီဂစ်ဘော်လ်တီစတန်ဒေသမှ ဆန္ဒပြမှုများကို လျစ်လျူရှုထားသည်။ သို့သော် ဆန္ဒပြသူများသည် လူမှုမီဒီယာတွင် ဗီဒီယိုများ တင်ခဲ့ကြသည်။ ယင်းဗီဒီယိုတစ်ခုတွင် ဆန္ဒပြသူများသည် ပါကစ္စတန် အစိုးရနှင့် စစ်တပ်ကို ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ကာ အိန္ဒိယနိုင်ငံ လာဒက်ဒေသတွင် ပါဝင်သော ကာဂျေးခရိုင်အတွင်း ၎င်းတို့ဒေသကို ထည့်သွင်းပေးရန် တောင်းဆိုခဲ့ကြောင်း Islam Khabar က ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly