ကမ္ဘာ့မွတ်စလင်ဘာသာဝင်များကောင်စီ၏ အရှေ့တာကစ္စတန်ခရီးစဉ်က တရုတ်အပြစ်များကိုဖုံးကွယ်ရန် ရည်ရွယ်ကြောင်း  အစ္စလာမ်ပညာရှင်များအဖွဲ့ ဝေဖန်

By ANI  
25 January 2023
ကမ္ဘာ့မွတ်စလင်ဘာသာဝင်များကောင်စီ၏ အရှေ့တာကစ္စတန်ခရီးစဉ်က တရုတ်အပြစ်များကိုဖုံးကွယ်ရန် ရည်ရွယ်ကြောင်း  အစ္စလာမ်ပညာရှင်များအဖွဲ့ ဝေဖန်

တရုတ်နိုင်ငံအနောက်ပိုင်းဒေသတစ်ခုဖြစ်သည့် အရှေ့တာကစ္စတန်သို့ ကမ္ဘာ့မွတ်စလင်ဘာသာဝင်များကောင်စီ (World Council of Muslim Communities) သွားရောက်သည့် ခရီးစဉ်အပေါ် အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်။

အဆိုပါ ခရီးစဉ်သည် အရှေ့တာကစ္စတန်ရှိ မွတ်စလင်များအပေါ် ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ဖုံးကွယ်ရန် ရည်ရွယ်ပြီး အစ္စလာမ်အသိုင်းအဝိုင်းကို လှည့်စားသည့် တရုတ်၏ဝါဒဖြန့်မှုဖြစ်ကြောင်း  အဆိုပါအဖွဲ့များ၏ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သည် အစ္စလာမ်အသိုင်းအဝိုင်းကို လှည့်ဖြားရန် ထိုကဲ့သို့သော ခရီးစဉ်များ စီစဉ်ခြင်းဖြင့် လှည့်ကွက်များနှင့် လိမ်ညာမှုများကို ဖုံးကွယ်ထားကြောင်း ယခုကြေညာချက်ဖြင့် အစ္စလာမ်ဘာသာဝင်အားလုံးကို သတိပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စလာမ်အသိုင်းအဝိုင်းကို လှည့်စားသည့် တရုတ်၏ဝါဒဖြန့်မှုကို ဆန့်ကျင်သည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်း ၅၅ ခုကျော်မှ သာ့သနာ့ပညာရှင် ၃၀ ကျော်က လက်မှတ်ရေးထိုးကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်များကို နှိမ်နင်းမှုအဖြစ် တရုတ်က အကြောင်းပြချက်ပေးထားသည့် အရှေ့တာကစ္စတန်အတွင်း တရုတ်ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို ခရီးစဉ်တွင်ပါဝင်ခဲ့သည့် ကိုယ်စားလှယ်များက ချီးကျူးဂုဏ်ပြုခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
သန်းနှင့်ချီသော ပြည်သူများသည် တရုတ်ချွေးတပ်စခန်းများတွင် ရှိနေကြပြီး ဗလီအချို့ကို အရက်ဆိုင်များနှင့် ကော်ဖီဆိုင်များအဖြစ် ပြောင်းလဲကာ ကုရ်အာန်ကျမ်းများကို မီးရှို့ပြီး အစ္စလာမ်ဘာသာရေးကိုးကွယ်မှုအားလုံးကို တားမြစ်ထားကာ အရှေ့တာကစ္စတန်ဖြစ်ရပ်ဆိုးသည် မပြီးဆုံးသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တာကစ္စတန်တွင် အမျိုးသမီးများ ခေါင်းမြီးခြုံပဝါဝတ်ဆင်ခြင်းကို လုံးဝတားမြစ်ထားသည်။ အရှေ့တာကစ္စတန်ရှိ ပြည်သူများ၏ အစ္စလာမ္မာစ်ရိုက်လက္ခဏာကို ဖျောက်ဖျက်သည့် တရုတ်နိုင်ငံ၏ မူဝါဒများသည် ထိုသို့သော တားမြစ်ချက်များနှင့်အတူ ပိုမိုပြင်းထန်လာနေသည်။ တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်မှာ အရှေ့တာကစ္စတန်ပြည်သူများအား တရုတ်ဇာတ်သွင်းရန်နှင့် ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုများနှင့် ယဉ်ကျေးမှုများကို ဖျက်ဆီးရန် ဖြစ်သည်ဟု ဆိုသည်။

ဆင်သေကို ဆိတ်သားရေနှင့်ဖုံးရန်ကြိုးစားသည့် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်သိမ်းပိုက်ထားသော ရှင်ကျန်း ခေါ် အရှေ့တာကစ္စတန်သို့သွားရောက်ခဲ့သော ကမ္ဘာ့မွတ်စလင်အသိုက်အဝန်းကောင်စီ၏ခရီးစဉ်ကို အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှေ့တာကစ္စတန်ရှိ မွတ်စလင်များအပေါ် ထားရှိသည့် အိုလမာအဖွဲ့၏ သဘောထားမှာ ရှင်းလင်းပြတ်သားကြောင်းနှင့် ကမ္ဘာ့မွတ်စလင်အသိုက်အဝန်းကောင်စီသည် အိုလမာအဖွဲ့ကို   ကိုယ်စားမပြုကြောင်းလည်း ဖော်ပြထားသည်။

မွတ်စလင်များ၏ အခြေအနေမှန်ကို သိရှိရေးအတွက် ရွှေ့ပြောင်း ဝီဂါအသိုင်းအဝိုင်းနှင့် တွေ့ဆုံမေးမြန်းကြရန် အိုလမာများက တောင်းဆိုခဲ့သည်။ အဆိုပါဒေသရှိ မွတ်စလင်များ၏ အခြေအနေကို ဆန်းစစ်ရန် သိပ္ပံပညာရှင်များ၊ နိုင်ငံရေးသမားများ၊ စာရေးဆရာများနှင့် သတင်းသမားများသည် အရှေ့တာကစ္စတန်သို့ အလွတ်သဘော သွားရောက်သင့်သလို ကွင်းဆင်းလေ့လာရေးခရီးစဉ်များ ပြုလုပ်ကာ ဒေသခံ ပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ်သင့်ကြောင်းနှင့် ပြန်လည်ထူထောင်ရေးစင်တာများဟုခေါ်သည့် စခန်းများနှင့် အကျဉ်းထောင်များသို့လည်း သွားရောက်သင့်ကြောင်း ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly