တရုတ်အပေါ် ကင်ညာ၏ မှီခိုမှုက ခါးသီးသည့် အတွေ့အကြုံတစ်ခုဖြစ်လာ

By ANI | 
25 January 2023
တရုတ်အပေါ် ကင်ညာ၏ မှီခိုမှုက ခါးသီးသည့် အတွေ့အကြုံတစ်ခုဖြစ်လာ

ကင်ညာနိုင်ငံသည် အခြေခံအဆောက်အအုံနှင့် ပြည်သူ့ဝန်ဆောင်မှုများကို မြှင့်တင်ရန် တရုတ်နိုင်ငံအပေါ် မှီခိုနေရသော်လည်း ယင်းအခြေအနေသည် ခါးသီးသော အတွေ့အကြုံတစ်ခုဖြစ်လာသည်ဟု The Hong Kong Post သတင်းတွင် ဖော်ပြထားသည်။ 

ကင်ညာသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) တွင် ပါဝင်ပတ်သက်နေသောကြောင့် နိုင်ငံအတွင်း အခြေခံအဆောက်အအုံများ တိုးချဲ့ရေးအတွက် တရုတ်ဆီမှ သွင်းကုန်မှာယူမှု များလာခြင်းဖြစ်နိုင်သည်။ သို့သော် တရုတ်နိုင်ငံမှ ကင်ညာ၏တင်သွင်းမှုသည် ၉၇ ရာခိုင်နှုန်းရှိပြီး ကင်ညာမှ တရုတ်သို့ တင်ပို့မှုမှာ ၃ ရာခိုင်နှုန်းသာသည့်အတွက် ကုန်သွယ်ရေးမျှခြေတွင် တရုတ်က အားသာနေသည်။
တရုတ်နိုင်ငံသည် ကင်ညာအတွက် ထိပ်တန်းမြီရှင် ဖြစ်လာပြီး တရုတ်ကြွေးမြီသည် ကင်ညာနိုင်ငံ ပြည်ပကြွေးမြီ၏ ၆၇ ရာခိုင်နှုန်းခန့် ရှိသည်။

သွင်းကုန်များအပြင် ကင်ညာရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၌ တရုတ်ကုမ္ပဏီများ၏ ပါဝင်မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုအထဲတွင် တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်သည့် တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) လည်း ပါဝင်သည်။ ကုမ္ပဏီသည် ဆိုးရွားသည့် ဆောင်ရွက်ချက်များကြောင့် သတင်းများတွင် မကြာခဏဖော်ပြခံရကြောင်း The Hong Kong Post သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါ ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း ၎င်း၏ အကျင့်ပျက် ဆောင်ရွက်ချက်များနှင့် ဒေသခံများအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် ပြစ်တင်ဝေဖန်ခံနေရသည်။ ယင်းကုမ္ပဏီသည် ကင်ညာနိုင်ငံတွင် အနောက်ဘက်ပတ်လမ်းစီမံကိန်းကို တည်ဆောက်လျက်ရှိပြီး ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် ကင်ညာနိုင်ငံသားများထံမှ ဖြတ်သန်းခများ မတန်တဆ ကောက်ခံမည့် အစီအစဉ်များကြောင့် ဝေဖန်ခံနေရသည်။  

တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) သည် အမေရိကန်ဒေါ်လာ ၉၇၇ သန်းတန်ဖိုးရှိ အမြတ်ဝေစုနှင့် အထက်ပါ အကြီးစားလမ်းစီမံကိန်းမှ အခြားဝင်ငွေများကို ရရှိရန် မျှော်မှန်းထားသည်။
တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) သည် ဒေသအတွင်း မီးရထားလမ်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဆောင်ရွက်ရန် အာဖရိကကြယ်ပွင့် မီးရထားလုပ်ငန်းကုမ္ပဏီလိမီတက် (AFRISTAR) အမည်ဖြင့် အခြားသော လုပ်ငန်းခွဲတစ်ခုကို တည်ထောင်ခဲ့သည်။ အဆိုပါကုမ္ပဏီသည် ကင်ညာမီးရထားကော်ပိုရေးရှင်း (KR) ၏ အဆင့်မီ မီးရထားလမ်းအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်စနစ်အား အကောင်အထည်ဖော်ခဲ့ကြောင်း The Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) က အသုံးပြုသည့် ဖိအားပေးမှုနည်းဗျူဟာများသည် အခြား ကင်ညာဌာနများကိုလည်း အခက်တွေ့စေသည်။ မြို့တွင်း ရေပေးဝေခြင်း၊ မြောင်းများတိုးချဲ့ခြင်းနှင့် လမ်းမီးပေးခြင်းများအတွက် နိုင်ရိုဘီမြို့တော်ဝန်ဆောင်မှုအဖွဲ့(NMS) သည် အဆိုပါကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ CRBC သည် စီမံကိန်း အစိတ်အပိုင်းအများစုတွင် တိုးတက်မှုမရှိသောကြောင့် စာချုပ်ချုပ်ရန် ဆုံးဖြတ်ခဲ့မှုက မြို့တော်အာဏာပိုင်အဖွဲ့ကို ထိတ်လန့်စေလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကင်ညာပြည်သူများသည် နိုင်ငံအတွင်း လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းဆိုင်ရာကျင့်ဝတ်၊ ကိုယ်ကျင့်တရားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ပိုမိုသတိထားနေကြရကြောင်း The Hong Kong Post တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ချေးငွေထက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ၊ စီးပွားရေးလုပ်ငန်းကြီးများထက် အသေးစားနှင့်အလတ်အစားစက်မှုလုပ်ငန်းနှင့် ကာဗွန်ထုတ်လွှတ်ခြင်းထက် စိမ်းလန်းဖွံ့ဖြိုးရေးကို ဦးစားပေးသည့် ချဉ်းကပ်နည်းအသစ်ဖြင့် အာဖရိကသို့ ချဉ်းကပ်လာကြောင်း  အီသီယိုးပီးယားအခြေစိုက် သတင်းစာ The Reporter မကြာသေးမီက ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly