အာဖဂန်တွင် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် လူ ၁၄၀ ဦး ဆေးရုံတင်ထားရ

By ANI  
25 January 2023
အာဖဂန်တွင် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် လူ ၁၄၀ ဦး ဆေးရုံတင်ထားရ

အာဖဂန်နစ္စတန်နိုင်ငံ ဟဲရတ်ပြည်နယ်တွင် ဇန်နဝါရီလ ၁၇ ရက်က ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် လူ ၁၄၀ ထက်မနည်း ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူများကို ကိုးကား၍ အာဖဂန်သတင်းအေဂျင်စီ TOLO News က  ဖော်ပြထားသည်။
ဆေးရုံတင်ထားရသူများထဲတွင် ကလေးများနှင့် အမျိုးသမီး အများအပြားပါဝင်သည်။

နိုင်ငံအတွင်း ထင်းနှင့် အခြားအခြေခံလူသုံးကုန်ပစ္စည်းများမှာ စျေးနှုန်းမြင့်မားလွန်းသည့်အတွက် ချမ်းအေးလွန်းသည့် ဆောင်းရာသီတွင် မိမိတို့နေအိမ်များ အနွေးဓာတ်ရရှိစေရန် ဓာတ်ငွေ့တစ်မျိုးတည်းကိုသာ သုံးစွဲနေရသည်ဟု ဟဲရတ်ဒေသခံများက ပြောသည်။
"အေးနေလို့ ကျွန်တော့်မိသားစုက ဓာတ်ငွေ့ကို ဖွင့်ထားခဲ့တာ။ ကျွန်တော်သာ ၅ မိနစ်နောက်ကျပြီးမှ ရောက်ရင် မိသားစု ၂၁ ယောက်ကို ဆုံးရှုံးတော့မှာ" ဟု မိသားစုဝင်များကို ဒေသဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ဟဲရတ်ဒေသခံ အဗ္ဗဒူကာဒီရ်က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ လူနာ ၁၃၀ ကနေ ၁၄၀ ကြား ဆေးရုံအရေးပေါ်လူနာဆောင်ကို ပို့ခဲ့ရတယ်” ဟု ဆေးရုံအုပ် အာမက်ဖာဟဒ်အက်ဖ်ဇာလီက ပြောကြားခဲ့ကြောင်း TOLO News သတင်းတွင် ဖော်ပြထားသည်။
ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာနှင့် လောင်စာဆီ ပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် အာဖဂန်ပြည်သူများသည် အပူချိန်ရုတ်တရက် ကျဆင်းမှုဒဏ်ကို ထပ်မံကြုံတွေ့နေရသည်။ အအေးဒဏ်ကြောင့် ပြည်နယ် ၄ ခုတွင် လူ ၁၆ ဦးကျော် သေဆုံးခဲ့သည်။
"ကျွန်တော်တို့မှာ လျှပ်စစ်မီး မရတော့ ဓာတ်ငွေ့ပဲ သုံးနေရတယ်။ အခုဆို ကျွန်တော့်မိသားစုဝင် ၂ ယောက် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး ဆုံးသွားပြီ" ဟု ဟဲရတ်ဒေသခံ ရှာကီလာက ပြောသည်။

အချို့သော မိသားစုများသည် နေအိမ်များကို အပူပေးရန် ကျောက်မီးသွေးကို အသုံးပြုကြသည့်အတွက် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တာလီဘန်၏ သိမ်းပိုက်ခံရပြီးနောက်ပိုင်း အာဖဂန်နစ္စတန်သည် ဆိုးရွားသော စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့နေရသည်။ 
အကူအညီများရရှိသော်လည်း အာဖဂန်နစ္စတန်၏ ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှုနှင့် အလုပ်လက်မဲ့နှုန်းများမှာ မြင့်မားနေဆဲဖြစ်သည်။

နိုင်ငံ၏သမိုင်းတွင် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် သဘာဝကပ်ဘေးများက အာဖဂန်ပြည်သူများ၏ အခြေအနေကို ပိုဆိုးစေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly