နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· နွေဦးတော်လှန်ရေးတွင် ခိုင်မာကျစ်လစ်သည့် နိုင်ငံရေးပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုများ မပြတ် ရှိနေသည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။

· စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အဆုံးသတ် အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင် ထားရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အရှုံးခံ၍ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆို လိုက်ခြင်းဖြစ်သည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့တော်လှန်ရေးကို ပိုမိုပီပြင်စွာ အကောင်းဆုံးဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကျောင်းသား၊ ကျောင်းသူများအတွက် ကြားကာလ ပြည်သူ့ပညာရေးကျောင်းများအဖြစ် Online ကျောင်း ၃၃ ကျောင်းကို အသိအမှတ်ပြုကြောင်း ဇန်နဝ်ရီ ၂၃ ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

· ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်က ၁၀၆ အကြမ်းဖက်တပ်ပိုင်မြေနေရာကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ကွန်ဒိုမီနီယမ်တိုက်ခန်းများ ဆောက်လုပ်ပြီး ရောင်းချသွားမည့် အစီအစဉ်ကနေ ၂၄ နာရီမပြည့်ခင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၅ သန်းထိ ရရှိခဲ့သည်ဟု NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

· မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရအဖွဲ့ကို လက်နက်အားကိုးဖြင့် ဖမ်းဆီးပြီး တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်လုယူခဲ့သော စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်သည်ဟု နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က ဆုံးဖြတ်ခဲ့ကြောင်း CRPH ၏ ထုတ်ပြန်ချက်အရ သိရသည်။

· ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြည်သူ့အချုပ်အခြာအာဏာ (Sovereignty of the People - SoP) နှင့် စပ်လျဉ်းသည့် အချက်များအပေါ် ဆွေးနွေးပွဲကို ဩစတြေးလျ နှင့် အိန္ဒိယနိုင်ငံ များက နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ဖိတ်ကြားပြီး ဇန်နဝါရီ ၂၂ ရက်၊ ညနေ ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်များဦးဆောင်ကာ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားအဖွဲ့အစည်းအသီးသီး နှင့် ချိတ်ဆက်၍ ဂျပန်နိုင်ငံအစိုးရထံ မေတ္တာရပ်ခံတောင်းဆိုစာတစ်စောင်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူမှတစ်ဆင့် ဂျပန်အစိုးရထံသို့ တင်ပို့သွားမည်ဟု NUG ဂျပန်ကိုယ်စားလှယ်ရုံး ပြန်ကြားရေးတာဝန်ခံက ပြောသည်။

· ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၁၁ နာရီခန့်က စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ ပလိပ်ထွီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ်မြောက် ဗုံးကျဲချကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြား‌ရေး နှင့် မှတ်တမ်းဌာနထံမှ သိရသည်။

· စစ်ကောင်စီတပ်သား ၅၇ ယောက်ကို ပစ်ချနိုင်ခဲ့သည့် PDF ၃၅၀၂ တပ်ရင်း တပ်ဖွဲ့ဝင် ကိုနွေဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးက ဇန်န၀ါရီ ၂၃ ရက်တွင် စနိုက်ပါ သေနတ်တစ်လက် ဆုချီးမြင့်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၄ ရက်တွင် " လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ခြေမှုန်းကြ " စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ်တော် လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မြို့နယ်/ ရပ်ကျေး ပ.အ.ဖ ၊ ပ.က.ဖ ၊ ပညာရေး မိသားစုများ၊ ပြည်သူလူထု နှင့်အတူ ယနေ့ ဇန်နဝါရီ ၂၄ ရက်တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း လက်ပံတောင်းတောင် ပင်မသပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောမှုများ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဇန်နဝါရီ ၂၃ ရက်က စုန်းချောင်းရွာ မြောက်ဘက်ရှိ သံပုရာပင်ရိုး တောတိုက်တွင် နေထိုင်သော မောင်နေထွန်းကို စစ်သားများက ဦးခေါင်း နှင့် လက်တို့ကို ဖြတ်၍ သတ်ဖြတ်သွားပြီး စုန်းချောင်းရွာသား ၄ ဦးကို စစ်တပ်တပ်စွဲထားသော အောင်ဇေယျ တပ်ကုန်းကို

ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် စခန်းချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၅နာရီ ၄၅ မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ကြောင်း National Revolutionary Guards တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စုရှိ ကျေးရွာ ၇ ခုကို စစ်တပ်က ဇန်နဝါရီ ၂၃ ရက်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေရာချီ မီးလောင်ပြာကျခဲ့ပြီး PDF တပ်များက အချိန်မီ ဝင်ရောက်မီးငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံ ပြည်သူများ နှင့် PDF သတင်းရင်းမြစ်များထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးကင်း စခန်း လေးခုအား ဇန်နဝါရီ ၂၂ ရက်၊ နံနက်ပိုင်းက အလစ်ဝင်တိုက်ရာ စစ်အုပ်စုဝင် အများအပြား သေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မြို့မရဲစခန်းက ဒုတပ်ကြပ်တယောက် ဇန်နဝါရီ ၂၂ ရက်၊ ညနေပိုင်းက လက်နက်နှင့် တကွ CDM လုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။

· အညာပစ်တိုင်းထောင်လေးများအဖွဲ့ နှင့် ဓားမဆိုင်း ဗိုလ်စွမ်း၊ Dhamma Worker Group (Singapore) တို့ ပူးပေါင်းကာ ဆားလင်းကြီး မီးရှို့ခံ ကျေးရွာသုံးရွာရှိ အိမ်ခြေ ၈၇ အိမ်ကို မီးဖိုချောင်သုံး ပစ္စည်းများ နှင့် အဝတ်အထည်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

· တောတွင်းမှ ရဲဘော်များ နှင့် ရန်ကုန်သပိတ်အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်အာရှင်ဆန့်ကျင်ရေးနှင့် တရားမဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုမှ ပါဝင်ဆန့်ကျင်ပေးကြရန် Photo Campaign ကို ဇန်နဝါရီ ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့ပေါ်ရှိ မြို့မရဲစခန်းအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေ သော အကြမ်းဖက်စစ်သားများကို ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၄ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ ပခုက္ကူမြို့မှ မြိုင်မြို့နယ် Well-2 ရေနံမြေစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်း၏ ရှေ့ပြေးခြေလျင်တပ်သားများအား ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၃ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ရာ အများအပြား သေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် "အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင် စစ်အာဏာရှင်စနစ်ကို သုတ်သင်" စာတန်း ကိုင်ဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ညသပိတ် ပြုလုပ် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မောတောင်သွားသည့် လမ်းပိုင်းတွင် ကားနှင့် ဆိုင်ကယ်များကို လက်နက်ကိုင် အဖွဲ့စည်း နှစ်ခုက အခွန်ကောက်ခံနေဟုဆိုကာ ငွေကြေးများကောက်ခံလျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည့်အပေါ် PDF အဖွဲ့က ကောက်ခံခြင်းမရှိကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံက ပြောသည်။

· ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားမြို့တွင် ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)၏ ပါတီဝင် တစ်ဦးဖြစ်သူ ဦးတင်ညွန့်သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

· မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကို ဇန်နဝါရီ ၂၃ ရက်< ညနေ ၃ နာရီခန့်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောသည်။

· စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်နှင့်မွန်လူမျိုးများကိုကိုယ်စားပြုသော မွန်ပြည် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC)ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီ ညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

· စစ်ကောင်စီနှင့်အတူ ချီတက်လိုက်ပါလာခြင်း၊ လမ်းပြခေါ်ဆောင်လာပေးခြင်း အပါအဝင် လက်နက်ခဲ ယမ်း၊ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် PDF ဖယ်ခုံက ယနေ့ သတိပေး ထုတ်ပြန်သည်။

· ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဇန်နဝါရီ ၂၃ ရက်၊ ညပိုင်းက စစ် ထောက်လှမ်းရေးရုံး (စရဖ) ၊ ထွေအုပ်နှင့် လ၀ကရုံးများ မီးလောင်နေပြီး မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ် နှင့် ဘုရားသုံးဆူ အကြားစစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ ၄၄ လက် အောက်ခံတပ်ကို ဇန်နဝါရီ ၂၄ ရက်က KTL Army ၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando - ဗျူဟာ စစ်ကြောင်း နှင့် မဟာမိတ် ပူပေါင်းတပ်ဖွဲ့များက အနီးကပ် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦး သေဆုံးခဲ့ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်း ထံမှ သိရသည်။

· ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ထိပ်တန်းအရာရှိ တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီ ဘက်က သတင်းအချက်အလက် မှားယွင်းရရှိသောကြောင့်သာ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောသည်။

· ကေအိုင်အို ထိန်းချုပ်နယ်မြေမှ မိုင်ဂျာယန်ကောလိပ်တွင် သင်ခန်းစာ ဘာသာရပ်အသစ်သုံးခု ထပ်တိုးသင်ကြားသွားမည် ဖြစ်ကြောင်း ကေအိုင်အိုအစိုးရ ပညာရေးဌာနမှ စုံစမ်းသိရသည်။

· ချင်းပြည်နယ် ၊ မင်းတပ်မြို့အား စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်လျက်ရှိရာ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။

· SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမြို့ပေါ်ကို စစ်တပ်တိုက်လေယာဥ် ရှပ်ပျံသန်းမှုသည် စော်ကားသော လုပ်ရပ်ဖြစ်သည်ဟု ယူဆနိုင်သည့်အတွက် ဘာကြောင့် တိုက်လေယာဉ် ပျံသန်းစေခဲ့သည်ကို သိရှိလိုကြောင်း SSPP က စစ်ကောင်စီထံ မေးမြန်းထားကြောင်း SSPP ဘက်က ထုတ်ပြန်သည်။

· ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူ (သထုံ) ခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း လက်နက်ကြီးဒဏ်ကြောင့် ဒေသခံပြည်သူ (၄၀၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်နေရ‌ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်သည်။

စစ်ကောင်စီ

· နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို သုံးသပ်ပြင်ဆင်ပြီး အတည်ပြု ထုတ်ပြန်သွားမည် ဖြစ် ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ပြောသည်။

· မည်သည့်အခြေအနေမျိုးဖြစ်စေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နှင့် ပြည်သူများ အားလုံး အကြားအလပ် မရှိ မဲပေးနိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ စစ်ကောင်စီအစည်းအဝေးတွင် အခိုင်အမာ ထပ်ပြောသည်။

· ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားဧည့်သည် ပိုမိုတိုးတက် ဝင်ရောက်ခဲ့သည်ဟု စစ်ကောင်စီ ခန့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဇန်နဝါရီ ၂၃ ရက်က ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ပြောသည်။

· ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရာတွင် ပညာတတ်ရုံ သာမက နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်များရှိအောင် သင်ကြားပေးရမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီး

ဒေါက်တာ ညွှန့်ဖေက ဇန်နဝါရီ ၂၃ ရက်က ရှမ်း ပြည်နယ်/ ခရိုင် /မြို့နယ်ပညာရေးမှူးများ၊ကျောင်း အုပ်ကြီးများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံစဉ် ပြောသည်။

· ပိုးချည် နှင့် ပိုးထည်များကို သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပကို တင်ပို့နိုင်ရေးအတွက် စီးပွားဖြစ် ထုတ်လုပ်ရေး နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကို အားပေးဆောင်ရွက်ရန် လိုအပ်သည်ဟု စစ်ကောင်စီခန့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဇန်နဝါရီ ၂၂ ရက်က ပြင်ဦးလွင် ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး ဗဟိုဌာန၏ ပိုးမျိုးများ မျိုးစပ်ခြင်း သုတေသနလုပ်ငန်းဆောင်ရွက်နေသည်များကို ကြည့်ရှုစစ်ဆေးရာတွင် ပြောသည်။

· အမှတ်(၆၁)အဆန်/(၆၂)အစုန် ရန်ကုန်-ပုဂံ အမြန်ရထားကို တစ်ပတ် တစ်ရက်သာ ပြေးဆွဲပေးမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားက သိရသည်။

· ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ခိုင်းစေချက်အရ မြို့နယ်များတွင် CDM များကို တစ်လအတွင်း စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက် သုံးသပ်ချက်

· နိုင်ငံတစ်ဝန်း တည်ငြိမ်မှု အခြေအနေမရှိနေသော်လည်း အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမည်ဟု စစ်ကောင်စီသက်တမ်းကုန်ခါနီးတွင် ထပ်ပြော လာပြန်သည်။ လူထုထောက်ခံမှုမရှိသော်လည်း ရွေးကောက်ပွဲသည် ၎င်းတို့စစ်အုပ်စုအတွက် နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်ဟု ယူဆထားပုံရသည်။

· ပြည်သူ့ကာကွယ်ရေးတပ်များမှ မြို့ပေါ်ရှိ စစ်ကောင်စီရုံးများတပ်များအထိ တိုက်ခိုက်လာနိုင်သည်ထိ ခုခံတော်လှန်စစ်အားကောင်းလာသည်။မကြာမီအချိန်အတွင်း ခုခံတော်လှန်စစ်ယခု ထက်ပိုမို အားကောင်း၍ တိုက်ပွဲများခပ်စိတ်စိတ်ဖြစ်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly