မန္တလေးမြို့မှ NLD ပါတီ၀င် ၃ ဦးကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ၀င်ရောက်ဖမ်းဆီး

မန္တလေးမြို့မှ NLD ပါတီ၀င် ၃ ဦးကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ၀င်ရောက်ဖမ်းဆီး

မန္တလေး(မဇ္စျိမ)။ ။မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်မှ NLD ပါတီ၀င်သုံးဦးကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံးပြီး ၀င်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“NLD ပါတီ၀င် ဦးကိုကြီးနဲ့ ညီဖြစ်သူ ကိုဇော်ကြီးတို့လင်မယားကိုလာဖမ်းတာ။ စစ်ကားအကြီးကနှစ်စီး၊ အိမ်စီးကားတွေက ခြောက်စီးထက် မနည်းဘူး၊ ရပ်ကွက်ထိပ်တိုင်းမှာ အရပ်၀တ်တွေကြိုကင်း ပုန်းချပြီးမှ ၀င်ဖမ်းတာ။ လက်နက်မဲ့လူသုံးယောက်ကို အဲဒီလိုလာဖမ်းသွားကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်က မင်းတဲအီကင်းရပ်ကွက် လမ်း ၉၀ ၊ ၂၁ လမ်းနှင့် လမ်း ၂၀ ကြား မှ ၎င်းပါတီ၀င်သုံးဦး၏နေအိမ်ရှိရာ ရပ်ကွက်တစ်ခုလုံးကို စစ်အင်အားအများအပြားဖြင့်ဝိုင်းထားပြီး ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်များအပြောအရ သိရသည်။

၎င်းတို့အား မည်သည့်အတွက် ဖမ်းဆီးသွားသည်ဆိုခြင်းကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်း အထိ မသိရသေးပေ။

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လူဖမ်းပွဲပြန်လုပ်နေသည်ကိုတွေ့ရပြီး ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်အထိ ၂၄ နာရီအတွင်း NLD ပါတီ၀င်သုံးဦးအပါအ၀င် ဒေသခံရှစ်ဦး ဖမ်းဆီးခံထားရ ကြောင်းသိရသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စစ်ကောင်စီ၏ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၃၆၄၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့(AAPP)၏ ဇန်နဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးမြို့
#NLDပါတီဝင်
#လူဖမ်းပွဲ
#၀င်ရောက်ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required