အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွင်းမှ အသက်ရှင်လွတ်မြောက်ခဲ့သူများက စစ်ကောင်စီကို အမှုဖွင့်

By မဇ္ဈိမ
24 January 2023
အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွင်းမှ အသက်ရှင်လွတ်မြောက်ခဲ့သူများက စစ်ကောင်စီကို အမှုဖွင့်

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုကျူးလွန်မှုများမှ အသက်ရှင်ကျန်ရစ်သူ ၁၆ ဦးနှင့် Fortify Rights အဖွဲ့တို့က အခြားနိုင်ငံတစ်နိုင်ငံ၏ တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (universal jurisdiction) အောက်တွင် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများနှင့် အခြားတာဝန်ရှိသူများကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တိုင်ချက်(အမှု) ဖွင့်လှစ်ရန် လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတစ်ဝန်း ဆယ်စုနှစ်များစွာကြာ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ရှိခဲ့သလို ရိုဟင်ဂျာ လူမျိုးတုံးဖြတ်သတ်မှု ဖြစ်ပြီးနောက် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကလည်း မကြာခင် နှစ်နှစ်ပြည့်မြောက်ရန် ရှိနေချိန် မြန်မာစစ်တပ်မှ ပြစ်မှုကျူးလွန်သူများသည် ၎င်းတို့၏ ပြစ်မှုကျူးလွန်မှုများအတွက် ယခုထက်ထိ တာဝန်ခံရခြင်း မရှိသေးပေ။

Fortify Rights လူ့အခွင့်အရေးအဖွဲ့နှင့်အတူ မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့သူများနှင့် အသက်ရှင်လွတ်မြောက်သူများ ပါဝင်သည့် မျိုးနွယ်စုအရ မတူကွဲပြားသော အဖွဲ့တစ်ဖွဲ့တို့သည် လူမျိုးတုံးသတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများနှင့် အခြားတာဝန်ရှိသူများကို ပြစ်မှုဆိုင်ရာ အမှုဖွင့်လှစ် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အဆိုပါ တိုင်ချက်အမှုကို နိုင်ငံတစ်နိုင်ငံရှိ တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်းဥပဒေတစ်ရပ်အောက်တွင် ဖွင့်လှစ်ခြင်း ဖြစ်ပြီး ယင်းကို ဇန်နဝါရီ ၂၄ ရက် ဘန်ကောက်ရှိ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းတိုက် (FCCT) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်မည် ဖြစ်သည်။ အမှုဖွင့်တိုင်တန်းသူများအနက် ထက်ဝက်ခန့်သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးတုံးသတ်မှုအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူများဖြစ်ကာ ကျန်တစ်ဝက်သည် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်ကာလတို့အတွင်း နိုင်ငံတစ်ဝန်း ပြည်နယ်၊ တိုင်းဒေသများတွင် စစ်အာဏာသိမ်းမှုအလွန် ရက်စက်ကြမ်းကြုတ်မှုများမှ အသက်ရှင်လွတ်မြောက်ခဲ့သူများဖြစ်သည်။ ယခုအမှုကိစ္စတွင် တိုင်တန်းသူများသည် မြန်မာရှိ တိုင်းရင်းသားအစုအဖွဲ့တချို့ကို ကိုယ်စားပြုပြီး ၎င်းတို့ထဲတွင် အာရကန် (ရခိုင်) ၊ ဗမာ၊ ချင်း၊ ကရင်၊ ကရင်နီ၊ မွန်နှင့် ရိုဟင်ဂျာတို့ ပါဝင်သည်။ တချို့သည် မြန်မာနိုင်ငံအတွင်း ဆက်ရှိနေပြီး တချို့သည် အခြားနိုင်ငံများကို ထွက်ပြေးရောက်ရှိခဲ့ကြသည်။

စာမျက်နှာ ၂၁၅ မျက်နှာပါ ပြစ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် စာမျက်နှာ ၂,၀၀၀ ကျော် ပါသည့် နောက်ဆက်တွဲ စာရွက်စာတမ်းများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် အသေးစိတ် ဆွေးနွေးမည် ဖြစ်သည်။ ယခု အမှုဖွင့်လှစ်မှုက အခြားသော အရေးကြီးပြီး ဆက်လက်လုပ်ဆောင်ဆဲ တာဝန်ခံမှုဆိုင်ရာ အစီအစဉ်များနှင့် ထပ်မနေဘဲ ပြည့်စုံစေလျက်ဖြင့် စစ်အုပ်စု၏ ပြစ်ဒဏ်ခတ်မခံရမှုကို ပျက်ပြားစေနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍လည်း အခမ်းအနားတွင် ဆွေးနွေးမည်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၄ ရက် ထိုင်းစံတော်ချိန် မနက် ၁၁ နာရီတွင် FCCT ၌ ကျင်းပမည်ဖြစ်သည်။ အခမ်းအနားသည် အများပြည်သူကို အခမဲ့ ဖွင့်လှစ်ပေးသလို Fortify Rights နှင့် FCCT ဖေ့ဘွတ်ခ် စာမျက်နှာများတွင်လည်း တိုက်ရိုက်လွှင့်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required