ထိုင်းတွင် ၁ ပတ်အတွင်း မက်တာဖီတမင်းမူးယစ်ဆေး ၁ ဒသမ ၁ တန်ကို ဖမ်းဆီးရမိ 

By Channel News Asia 
24 January 2023
ထိုင်းတွင် ၁ ပတ်အတွင်း မက်တာဖီတမင်းမူးယစ်ဆေး ၁ ဒသမ ၁ တန်ကို ဖမ်းဆီးရမိ 

ထိုင်းနိုင်ငံတွင် နယ်စပ်များ ပြန်ဖွင့်ချိန်မှစကာ မြင့်တက်လာခဲ့သော မူးယစ်ဆေးဝါး ကုန်ကူးမှုများကို နှိမ်နင်းနေရာတွင် တစ်ပတ်အတွင်း၌ မက်တာဖီတမင်း မူးယစ်ဆေး ၁ ဒသမ ၁ တန်ကို ရဲက ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောသည်။ 

တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှု၏ ရေရှည် အချက်အချာဖြစ်နေသော ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံ အစွန်ဖျားက မြောက်ပိုင်းကုန်းတွင်းဒေသတွင် ရဲတပ်ဖွဲ့နှင့် မှောင်ခိုကူးသူများကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ အမြောက်အမြား ဖမ်းဆီးရမိခြင်းလည်း ဖြစ်သည်။ 

သတင်းပေးချက်အရ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် စီးနင်းမှုများစွာကို ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား ၁၀ ဦးကို ရဲက ဖမ်းဆီးခဲ့သည်။ 

“ဒီ မူးယစ်ဆေးတွေထဲက အချို့ဟာ တောင်ဘက်စွန်းပြည်နယ်တွေဆီ မပို့ဆောင်ခင် ကာလအတော်ကြာ သိမ်းထားတာပါ၊ တောင်ပိုင်းကို ပို့ပြီးရင် အခြားတိုင်းပြည်တွေဆီ တင်ပို့ဖို့ ရှိနေတာပါပဲ”ဟု အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ် ချင်နာပတ် ဆာရာဆင်းက ပြောသည်။ 

ထိုင်းနိုင်ငံသည် “မူးယစ်ဆေး ထုတ်လုပ်သော အချက်အချာအရပ်များ” ဝိုင်းရံထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးက မှောင်ခိုသမားများ မလှုပ်ရှားနိုင်အောင် တားဆီးခဲ့ကြောင်း ၎င်းက ပြောသည်။ 

“အခုတော့ နိုင်ငံက ပြန်ဖွင့်လိုက်ပြီလေ၊ တန့်ရပ်နေတဲ့ မူးယစ်ဆေးတွေကို တရစပ်ဆိုသလို မှောင်ခိုကူးလာတော့တာပဲ”ဟု ၎င်းက ဆိုသည်။ 

ယခု တရားမဝင် မှောင်ခိုကူးရာတွင် နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းတစ်ဂိုဏ်း နောက်ကွယ်က ပါဝင်နေသည်ဟု ထုတ်ပြန်ချက်၌ ရဲက ပြောသည်။ 

ပထမဆုံး စစ်ဆင်ရေး၌ ထိုင်းတောင်ပိုင်း ဖတ်သလောင်နှင့် ဆူရတ်ဌာနီပြည်နယ်များတွင် စီးနင်းမှု နှစ်ရပ်လုပ်ဆောင်ခဲ့ရာ မှောင်ခိုဈေးကွက်၌ ice ဟု ခေါ်ကြသော မက်တာဖီတမင်း ၇၃၁ ကီလိုဂရမ်ကို တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။  

သတင်းပေးချက်အရ ထိုင်းတောင်ပိုင်းသို့ ပို့ဆောင်မည် ယူဆရသော အရှေ့မြောက်ပိုင်းတွင် ကုန်ကူးလာသည့် ထရပ်ကားသုံးစင်းတွင် မက်တာဖီတမင်း မူးယစ်ဆေး ၆၈၈ ကီလိုဂရမ်ကို ကြာသပတေးနေ့တွင် ရှာဖွေတွေ့ရှိပြီးနောက် လူသုံးဦးကို တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်။  

ယင်းနောက်၌ ထိုင်းနိုင်ငံ၏ လူသုံးများသော မက်ဆေ့ချ်အက်ပလီကေးရှင်း LINE မှတစ်ဆင့် ရောင်းချနေသော မူးယစ်ဆေး ၄၃ ကီလိုဂရမ်ကို ဖော်ထုတ်နိုင်ပြီးနောက် နောက်ထပ် လူလေးဦးကို ရဲက ဖမ်းဆီးခဲ့သည်။ 

တနင်္ဂနွေနေ့တွင် မြောက်ပိုင်းချိုင်းရိုင်ပြည်နယ်၌ လက်ဖက်ခြောက်အိတ်များအောက် သိုဝှက်လာသော ice ဆေးပြား ၃၀၀ ကီလိုဂရမ်ခန့်ကို တောင်ပိုင်း ဆတ်သွန်အရပ်သို့ ပို့ဆောင်ရန် ပြင်ဆင်နေသည့် လူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ 

နောက်ဆုံး စီးနင်းနိုင်မှုအဖြစ် အလယ်ပိုင်း နက်ခွန်ဆာဝန်နှင့် ပတ်သွန်ဌာနီပြည်နယ်များတွင် ကော်ဖီပါကင်ဘူးများအတွင်း သိုဝှက်လာသော မူးယစ်ဆေး ၁၁၄ ကီလိုဂရမ်နီးပါးကို တွေ့ရှိပြီးနောက် လူနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required