ဆောက်လုပ်ရေးဆိုင်ရာ အကူအညီဖြင့် ဂျပန်က မြန်မာစစ်ကောင်စီကို ငွေကြေးထောက်ပံ့နေ

ဆောက်လုပ်ရေးဆိုင်ရာ အကူအညီဖြင့် ဂျပန်က မြန်မာစစ်ကောင်စီကို ငွေကြေးထောက်ပံ့နေ

ဂျပန်၏ Yokogawa Bridge Corp. ကုမ္ပဏီသည် ဂျပန်အစိုးရ ဖွံ့ဖြိုးရေးအကူအညီ စီမံကိန်းတစ်ခုအတွက် ၂၀၂၂ ခုနှစ်တွင် မြန်မာအာဏာသိမ်းစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံသို့ အမေရိကန်ဒေါ်လာ ၁ သန်းကျော် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Right Watch (HRW) က ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပြစ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်၊ အကွက်ကျကျ ကျူးလွန်ထားခဲ့သည့် မြန်မာစစ်ကောင်စီအတွက် အကျိုးဖြစ်ထွန်းစေလျက် ရှိသော ဆက်လက်ပေးအပ်နေဆဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီမျိုး မဟုတ်သည့် အကူအညီအားလုံးကို ဂျပန်အစိုးရအနေဖြင့် ရပ်ဆိုင်းသင့်ကြောင်း  HRW က ပြောသည်။ ထို့ပြင် Yokogawa Bridge Corp. အပါအဝင် ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာစစ်တပ် ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်သော လုပ်ငန်းအဖွဲ့အစည်းများနှင့် စီးပွားရေး ဆက်ဆံပတ်သက်မှုများ အဆုံးသတ်စေရေး သေချာအောင် ဂျပန်အစိုးရဘက်က လုပ်ဆောင်သင့်ကြောင်း HRW က ပြောသည်။

“Yokogawa Bridge Corp. ရဲ့ MEC နဲ့ စီးပွားရေး ဆက်ဆံပတ်သက်မှုကနေတစ်ဆင့် ဂျပန်အစိုးရဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်၊ ကြမ်းကြုတ်တဲ့ လုပ်ရပတွေကို ထိထိရောက်ရောက် ကူညီငွေကြေးထောက်ပံ့ပေးထားခဲ့တယ်” ဟု HRW မှ အာရှ စီမံကိန်း တာဝန်ရှိသူ တက်ပေ ကာဆိုင်းက ပြောသည်။ “မြန်မာစစ်ကောင်စီကို လူသားချင်းစာနာမှုအကူအညီ မဟုတ်တဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်တာမျိုး မရှိတော့လေအောင် ဂျပန်အစိုးရအနေနဲ့ အသေအချာ လုပ်ဆောင်သင့်တယ်”

Yokogawa Bridge Corp. သည် ရန်ကုန်ရှိ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအတွက် ၂၀၂၂ ဇူလိုင်လမှ နိုဝင်ဘာလအထိ MEC ထံ ဒေါ်လာ ၁ ဒသမ ၃ သန်း ပေးအပ်ခဲ့ကြောင်းကို HRW က စိစစ်လေ့လာခဲ့သည့် ငွေကြေးလွှဲပြောင်းမှုများက ပြသနေသည်။ Yokogawa Bridge Corp. သည် ငွေကြေးများကို ဂျပန်၏ Mizuho Bank, Ltd. မှတစ်ဆင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ရှိ MEC ၏ ငွေစာရင်းအကောင့်ထဲသို့ အကြိမ်ရေခွဲပြီး လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရ၏ တရားဝင် ဖွံ့ဖြိုးမှု အကူအညီ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၆ ခုနှစ်က အတည်ပြုခဲ့သည့် ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းတွင် ဂျပန်၏ အကူအညီပေးရေး အေဂျင်စီ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) မှ ချေးငွေ ယန်း ၃၁ ဘီလီယံ (ဒေါ်လာ သန်း ၂၄၀) ပါဝင်သည်။ Yokogawa Bridge Corp. သည် ၂၀၁၉ ခုနှစ် မတ်လတွင် တံတား တည်ဆောက်ရန် စာချုပ်တစ်ရပ် လက်မှတ်ထိုးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required