တရုတ်က ၂၀၂၃ ခုနှစ်တွင် BRI စီမံကိန်းဖြင့် မိတ်ဖက်နိုင်ငံ ၁၄၀ နှင့် သံတမန်နှင့်စီးပွားဆက်ဆံရေး တိုးမြှင့်မည်

By ANI
24 January 2023
တရုတ်က ၂၀၂၃ ခုနှစ်တွင် BRI စီမံကိန်းဖြင့် မိတ်ဖက်နိုင်ငံ ၁၄၀ နှင့် သံတမန်နှင့်စီးပွားဆက်ဆံရေး တိုးမြှင့်မည်

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) တွန်းအားဖြင့် မိတ်ဖက်နိုင်ငံပေါင်း ၁၄၀ နှင့် သံတမန်ရေးနှင့်စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ အားကောင်းလာအောင်လုပ်ခြင်းဖြင့် သြဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ယမန်နှစ်ကကဲ့သို့ပင် ၂၀၂၃ ခုနှစ်တွင်လည်း မီးရထား သယ်ယူပို့ဆောင်ရေး စွမ်းရည်မြှင့်တင်ရေး  ကြိုးပမ်းအားထုတ်ရန် ရည်ရွယ်ထားသည်။
ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားကို  ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် စေလွှတ်ခဲ့ရာ ၁၁ ရက်အကြာ၌  ဂျာမနီနိုင်ငံ ဒူးစ်ဘာ့ဂ်မြို့သို့ ရောက်ရှိခဲ့သည်။
တရုတ်သည်  ခါးပတ်လမ်းရပ်ဝန်း၏ သယ်ယူပို့ဆောင်ရေးစီမံကိန်းများမှ တစ်ဆင့် ဥရောပနိုင်ငံများ ကုန်စည်မည်မျှ သယ်ဆောင်နိုင်ကြောင်းကို  ကပ်ရောဂါဖြစ်ပွားနေသည့်  ပြီးခဲ့သည့် နှစ်များအတွင်း စမ်းသပ်ခဲ့သည်ဟု Singapore Post တွင် ဖော်ပြသည်။ နိုင်ငံတကာ စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးတည်ငြိမ်စေရန် မော်တော်ကား အစိတ်အပိုင်းများ၊ အီလက်ထရွန်နစ်ထုတ်ကုန်များနှင့် ကုန်ကြမ်းများနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေးထုတ်ကုန်တန်ချိန် ၁၀၉ ၀၀၀ ကျော်ကို ရထားများဖြင့် ဥရောပသို့ ပို့ဆောင်ပြီးဖြစ်သည်။

“ရထားလမ်းကြောင့် တရုတ်၊ ဗဟိုအာရှ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ ဥရောပတိုက်တို့အကြား လမ်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ခါးပတ်လမ်းရပ်ဝန်းတစ်လျှောက် နိုင်ငံတွေနဲ့ဒေသတွေမှာ အပြန်အလှန် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်းသစ်ကို တည်ဆောက်ရာလည်းရောက်ပါတယ်” ဟု  ဟိုင်နန်တက္ကသိုလ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းဌာနမှ ဌာနမှူး လျန်ဟိုင်မင်း က Global Times သတင်းဌာနသို့ မကြာသေးမီက ပြောကြားခဲ့သည်။
ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများ အောင်မြင်ပြီး ပုံမှန်ဖြစ်လာသည့်အခါ ကုန်သွယ်ရေးကုမ္ပဏီအများအပြားသည်  ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှတို့မှ ကုန်ပစ္စည်းများကို မွန်ဂိုလီးယားဆီနှင့် ဗဟိုအာရှသို့ ရထားဖြင့် ပို့ဆောင်နိုင်မည်ဟု တရုတ်က မျှော်လင့်ထားသည်။

တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေးရထားများသည် နှစ်သစ်တွင် စျေးကွက်သစ်များ ဖွင့်လှစ်ကာ ကုန်သွယ်မှုဆက်ဆံရေးကို တိုးမြှင့်လာစေမည်ဟု  တရုတ်က မျှော်လင့်ထားသည်။ ယင်းသည် ဥရောပတွင် အမေရိကန်၏ ကုန်သွယ်မှု လွှမ်းမိုးနေခြင်းကို တန်ပြန်မှုအဖြစ်  ရှုမြင်ရကြောင်း Singapore Post တွင် ဖော်ပြထားသည်။
ခါးပတ်လမ်းရပ်ဝန်းကုန်စည်ပို့ဆောင်ရေးစီမံကိန်းအောင်မြင်မှုများသည် ကုလသမဂ္ဂ၊ ဂျီ-၂၀၊ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (APEC) နှင့် အခြားဒေသဆိုင်ရာအဖွဲ့အစည်းများကဲ့သို့ ကမ္ဘာ့ဖိုရမ်များတွင် တရုတ်နိုင်ငံကို ပိုမိုထင်ရှားပေါ်လွင်လာစေမည်ဖြစ်ကာ ကမ္ဘာ့ထိန်းချုပ်မှုဆိုင်ရာ အရေးပါသော သဘောတူညီချက်များတွင် ပြောဆိုခွင့်ရလာမည်ဟု တရုတ်က မျှော်လင့်ထားကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။ .
တရုတ်နိုင်ငံသည် ယင်းစီမံကိန်းများကို တိုးတက်မှုမှတ်တိုင်များအဖြစ် သတ်မှတ်ပြီး ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုမှ ပြည်ပလွှမ်းမိုးမှုသို့ ပြောင်းလဲခဲ့သည်။ 

ခါးပတ်လမ်းစီမံကိန်းသည် ခိုင်မာသောစီမံကိန်းများ အဖြစ်သာမကဘဲ တရုတ်နိုင်ငံအား မိတ်ဖက်နိုင်ငံပေါင်း ၁၄၀ နှင့် သံတမန်ရေးနှင့်စီးပွာဆက်ဆံမှုများကို အားကောင်းစေကာ စုပေါင်းကမ္ဘာ၏ ချန်ပီယံအဖြစ် ရပ်တည်နိုင်စေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
တရုတ်နိုင်ငံ ထွန်းကားလာကတည်းက ၎င်း၏ ကျယ်ပြန့်ပြီး ပေါင်းစည်းထားသော ပထဝီစီးပွားရေး အစီအစဉ်သည် အလှမ်းဝေးသော စျေးကွက်များနှင့် ကုန်သွယ်မှုလုပ်ငန်းများအထိ ရောက်ရှိရန် ကြိုးပမ်းနေသည်ဟု မီဒီယာများက ဖော်ပြကြသည်။ အဆုံးစွန်သောရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံများအတွက် အမေရိကန် မဟုတ်သော အခြားရွေးချယ်စရာနေရာတစ်ခု ပေါ်ပေါက်လာစေရန်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly