ဂွါဒါလှုပ်ရှားမှုခေါင်းဆောင်အား ဖမ်းဆီးမှုအပေါ် ပါကစ္စတန်ရှေ့နေများက တရားရုံးများကို သပိတ်မှောက်

By ANI
24 January 2023
ဂွါဒါလှုပ်ရှားမှုခေါင်းဆောင်အား ဖမ်းဆီးမှုအပေါ် ပါကစ္စတန်ရှေ့နေများက တရားရုံးများကို သပိတ်မှောက်

ဂွါဒါဒေသအခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မော်လာနာ ဟီဒါယာတာရာမန်အား ဖမ်းဆီးခြင်းကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ပါကစ္စတန်ရှေ့နေများက ဘာလိုချီစတန်ပြည်နယ်ရှိ တရားရုံးများကို ဇန်နဝါရီ ၁၄ ရက်က သပိတ်မှောက်ခဲ့ကြောင်း Business Recorder သတင်းစာတွင် ဖော်ပြထားသည်။
ဂွါဒါအခွင့်အရေးအဖွဲ့ (HDT) ခေါင်းဆောင်ကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဇန်နဝါရီ ၁၃ ရက်က ဂွါဒါတရားရုံးတွင် စစ်ဆေးမေးမြန်းပြီး  တစ်ရက်အကြာ၌ ရှေ့နေများ၏ သပိတ်မှောက်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပါကစ္စတန်သတင်းစာက ဆိုသည်။

ပါကစ္စတန်ဆိပ်ကမ်းမြို့၌ HDT အဖွဲ့ကို ထောက်ခံသူများနှင့် ရဲများအကြား အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ဆန္ဒပြမှုများ ဆက်ဖြစ်နေကာ တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ တရားမဝင်ငါးဖမ်းမှုကိုဆန့်ကျင်သည့်ဆန္ဒပြပွဲများတွင် လူတချို့ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှုအသွင်သို့ ပြောင်းခဲ့ကာ လွန်ခဲ့သည့် ၂ လက ဂွါဒါတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။  
ဂွါဒါရဲတပ်ဖွဲ့က HDT ခေါင်းဆောင် မူလာနာအား မတရားဖမ်းဆီးထားမှုအပေါ်  ဘာလိုချီစတန် ရှေ့နေ့များအဖွဲ့က ရှုတ်ချခဲ့သည်။ တရားရုံးက ဘာလိုချီစတန်ပြည်နယ် အတွင်းရေးမှူးချုပ်နှင့် ရဲအရာရှိချုပ်အား အဆိုပါဖြစ်ရပ်ကို ချက်ချင်း သတင်းပို့ရန် တိုက်တွန်းခဲ့သည်။

ဂွါဒါအခွင့်အရေးအဖွဲ့ (HDT) ခေါင်းဆောင်သည် ယာယီခံဝန်ချုပ်ရယူရန် တရားရုံးတွင်  ရှေ့နေများနှင့်အတူ ရှိနေသည်ဟု ပါကစ္စတန် သတင်းစာက ဖော်ပြခဲ့သည်။ ဂွါဒါရဲများသည် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် လုံးဝပျက်ကွက်ခဲ့ကြောင်း ရှေ့နေ့များအဖွဲ့က ပြောသည်ဟု Business Recorder မှ ထုတ်ပြန်ခဲ့သည်။
ပြည်နယ်အစိုးရသည် လူ ၅ ဦးအထက် စုဝေးခြင်းကို တားမြစ်သည့် အရေးပေါ်ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားကာ ဆန္ဒပြသူများအား စည်းကမ်းတင်းကျပ်ထားပြီး ဂွါဒါတွင် ယခုအချိန်အထိ လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံထားရသည်။
ဆွဲပိုက်ချသင်္ဘောများဖြင့် တရားမဝင်ငါးဖမ်းခြင်းကို ဆန့်ကျင်သည့် ကြီးမားသောဆန္ဒပြပွဲများကြောင့် ဂွါဒါတွင် အရေးပေါ် ဥပဒေပြဋ္ဌာန်းကာ လူအများအပြား ဖမ်းစီးခံရမှုများနှင့်ပတ်သက်၍ လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လွန်ခဲ့သည့်လက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

“ဂွါဒါမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုတွေနဲ့ အရေးပေါ်ဥပဒေ ပြဋ္ဌာန်းမှုတွေကြောင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စိုးရိမ်ထိတ်လန့်နေပါတယ်။ ပြည်သူတွေအနေနဲ့ မကျေနပ်မှုတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပြီး နိုင်ငံတော်အနေနဲ့ ဒီအခွင့်အရေးကို လွယ်လွယ်ကူကူ ခွင့်ပြုပေးဖို့အတွက် တာဝန်ရှိပါတယ်” ဟု Amnesty International က တွစ်တာတွင် ဖော်ပြထားသည်။
“လူစုလူဝေးပုံစံအားလုံးကို တားမြစ်ပိတ်ပင်လိုက်တာဟာ ဆန္ဒပြခွင့်ကို ဖိနှိပ်ချုပ်ချယ်လိုက်တဲ့ သဘောဖြစ်ပြီး အတိုက်အခံတွေအတွက် နေရာမရှိဘူးဆိုတဲ့ ကြောက်စရာကောင်းတဲ့ သတင်းစကား ပေးလိုက်တာပါ” ဟု အဆိုပါအဖွဲ့က ပြင်းပြင်းထန်ထန် ပြောကြားခဲ့သည်။

"ပါကစ္စတန်အစိုးရသည် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ နိုင်ငံတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် အပါအဝင် လူ့အခွင့်အရေးကို လက်ကိုင်ထားရန် အရေးကြီးသည်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly