တာလီဘန်နှင့် ရေနံသဘောတူညီချက်က အာဖဂန်နစ္စတန်တွင် တရုတ်၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုကို ဖော်ပြနေ

By ANI
24 January 2023
တာလီဘန်နှင့် ရေနံသဘောတူညီချက်က အာဖဂန်နစ္စတန်တွင် တရုတ်၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုကို ဖော်ပြနေ

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ အေမူဒါယာမြစ်ဝှမ်းတွင် ရေနံထုတ်ယူရေးအတွက် တရုတ်ကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက်တစ်ရပ်ကို တာလီဘန်က ဇန်နဝါရီလအစောပိုင်းတွင် ကြေညာလိုက်သဖြင့် အနောက်နိုင်ငံများအတွက် သတိပေးချက်များ ဖြစ်လာစေသည်။
အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ကျော်တန်ဖိုးရှိ စာချုပ်လက်မှတ်ရေးထိုးပွဲကို  ဇန်နဝါရီ ၅ ရက်က ပြုလုပ်ခဲ့ပြီး အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်ကြီးဝမ်ယုနှင့် စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ် ဂါနီဘာရာဒါ အပါအဝင် တာလီဘန်အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။ 

" အာဖဂန်ကို ၂၀၂၁ ခုနှစ်တွင် သိမ်းပိုက်ပြီးနောက် တာလီဘန်၏ ပထမဆုံးသော အဓိက စွမ်းအင်ရင်းနှီးမြှုပ်နှံမှု စာချုပ်သည် အာဖဂန်တွင် တရုတ်၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုကို ဖော်ပြနေသည်" ဟု ဝါရှင်တန်အခြေစိုက် သုတေသီ ကိုင်းဆာဂျိုယမ်က 19fortyfive သတင်းဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။
“ဒေသတွင်းမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ များလာပေမဲ့ တရုတ်က မွတ်စလင်ကမ္ဘာမှာ သူ့ရဲ့ ကမ္ဘာ့နယ်ချဲ့စီမံကိန်းကို ရပ်တန့်ဖို့ အရိပ်အယောင် မပြပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

တာလီဘန်များအုပ်ချုပ်နေသည့် အာဖဂန်နစ္စတန်တွင် တရုတ်နိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မြင့်တက် လာချိန်မှာ ယင်းသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ခိုရာဆန်ပြည်နယ် အစ္စလာမ္မစ်အဖွဲ့ (ISIS-K) မှ သေနတ်သမားများသည် ဒီဇင်ဘာလက တရုတ်စီးပွားရေးသမားများ အလာများသည့် ကဘူးလ်ဟိုတယ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
တရုတ်ကို ပစ်မှတ်ထားသည့် အကြမ်းဖက်ခြိမ်းခြောက်မှုများ များလာနေသော်လည်း အာဖဂန်ရေနံသိုက်များကို ထုတ်ယူသုံးစွဲမည့်သဘောတူညီချက်တစ်ရပ်ကို တရုတ်က လက်မှတ်ရေးထိုးခဲ့သည်။
ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ၃ နှစ်ကြာကျင့်သုံးပြီးနောက် နိုင်ငံကို ပြန်လည်ဖွင့်လှစ်ချိန်တွင် တရုတ်၏ ရေနံစိမ်းဝယ်လိုအားများလာခြင်းကြောင့်လည်း သဘောတူစာချုပ် ချုပ်ခြင်းဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် ကျွမ်းကျင်သူတစ်ဦး၏ ပြောကြားခဲ့သည်။

မြောက်ပိုင်းပြည်နယ် ဆာအီပယ်လ်၊ဂျောဇ်ဂျန်နဲ့ ဖာယက်တို့တွင် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန် ၁၀ဝဝ စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း The Khaama Press သတင်းက ဖော်ပြခဲ့သည်။
တာလီဘန်များသည် ယင်းစီမံကိန်းမှ အလုပ်အကိုင်ပေါင်း ၃၀ဝဝ ဖန်တီးရန် မျှော်လင့်ထားကြောင်း အာဖဂန်သတင်းဌာနက ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly