နိုင်ငံရေးလူလိမ်များကို နှိမ်နင်းပေးရန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကို တရုတ်သမ္မတ တောင်းဆို

By SCMP
24 January 2023
နိုင်ငံရေးလူလိမ်များကို နှိမ်နင်းပေးရန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကို တရုတ်သမ္မတ တောင်းဆို

ကွန်မြူနစ်ပါတီ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ထိပ်တန်းပုဂ္ဂိုလ်များတက်ရောက်သည့် ဇန်နဝါရီလ ၁၆ ရက်က ပေကျင်းမြို့၌ ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရေးလူလိမ်များကို နှိမ်နင်းပေးရန် တောင်းဆိုလိုက်သည်။
“လာဘ်ပေးလာဘ်ယူမှုကို ပစ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပြီး လာဘ်ပေးသူတွေကိုပါ ပူးတွဲပြစ်ဒဏ်ပေးတဲ့ ယန္တရားကို အားကောင်းအောင် ဆောင်ရွက်ရပါမယ်” ဟု ရှီ၏ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိပ်တန်းဌာနဖြစ်သည့် စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) ၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် နောက်ခံရှိသည်ဟူသော နိုင်ငံရေး လူလိမ်များကို ပြင်းထန်စွာ နှိမ်နင်းသင့်ကြောင်း ရှီက ပြောကြားခဲ့သည်။
တရုတ်တွင် နိုင်ငံရေးလူလိမ်များဟူသောအသုံးအနှုန်းကို အများအားဖြင့် စီးပွားရေးနှင့် ငွေကြေးအတွက် အဆက်အသွယ်ကောင်းပြီး အခြားသူများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးနိုင်သော အရာရှိများနှင့် စီးပွားရေးသမားများကို ရည်ညွှန်းသည်။
ယင်းအကြောင်းကို ဥပမာအနေဖြင့် CCDI နှင့် CCTV တို့မှ ပူးတွဲထုတ်လုပ်သော မှတ်တမ်းရုပ်ရှင်ကို ဇန်နဝါရီလ ၁၄ ရက်က နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။

နိုင်ငံရေးအာဏာနှင့် စီးပွားရေးအကျိုးစီးပွားများကို ရရှိရေးအတွက် ထိပ်တန်းပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ရှိ သော နိုင်ငံရေးလူလိမ်များနှင့် နှစ်ပေါင်း ၂၀ ကျော် အကျွမ်းတဝင်နေခဲ့သည့် ရဲချုပ်ဟောင်း ဖူကျန်ကျားအကြောင်းကို ယင်းဇာတ်လမ်းတွင် ဖော်ပြထားသည်။ 
မှတ်တမ်းရုပ်ရှင်အား ဖူ၏ ကာလကြာရှည် လုပ်ဖော်ကိုင်ဖက် ရှီရှောင်ချွမ်း၏ အမည်ကိုပေးထားပြီး ရှီရှောင်ချွမ်းက ဖူ ရာထူးတိုးလာစေရန် ကူညီပေးနိုင်သည့် အဆက်အသွယ်ကောင်းများရှိကြောင်း ကြွားဝါခဲ့သည်ဟု ဖော်ပြခဲ့သည်။
သို့သော် ရှီသည် အဆက်အသွယ်များမရှိဘဲ အခြားသူများထံမှ လာဘ်အများအပြားယူရန် ဖူကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း CCTV စီးရီးတစ်ခု၏ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့သည်။
ရှီကျင့်ဖျင်က စည်းကမ်းနှင့် အားပေးမှုပေါင်းစပ်သည့် ပိုမိုမျှတသော နည်းလမ်းဖြင့်ပြုလုပ်ရန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကို တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly