နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၂၃ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များဆီကနေ အခွန်ငွေကောက်ခံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒ လမ်းညွှန်းချက်များနှင့်အညီကောက်ခံသွားမည်ဟု ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ တို့အကြား တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာ၌ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းက လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်၍ ဒဏ်ရာရသူများနှင့် ကျဆုံးခဲ့ရသူ၏ မိသားစုများကို မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ မှာ ပြုလုပ်ခဲ့ကြသည်။ 

  • နွေဦးတက္ကသိုလ်က ဖွင့်လှစ်သင်ကြားပေးသွားမည့် သင်တန်းများအားလုံးကို NUGPay ကနေ ငွေသွင်းပြီး သင်တန်းတက်ရောက်နိုင်ပြီဖြစ်ကြောင်း နွေဦးတက္ကသိုလ်က သတင်းထုတ်ပြန်သည်။ 

  • စစ်ကောင်စီလက်ထက်တွင် ပြုလုပ်သည့် ပြည်တွင်းစာမေးပွဲများကို တရားမဝင် ကြောင်း သတ်မှတ်သွား မည်ဟု ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကထုတ်ပြန်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဆိုင်ရာမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ မီးရှို့ဖျက်စီးခံနေရသည့်အခြေအနေအတွက် စိုးရိမ်မိပြီး ယင်းအခြေအနေများအမြန်ဆုံးအဆုံးသတ်ရန် အတွက် ပုတ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြား လိုက်သည်။ 

  • ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင် တို့ကို အသေပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း Bago PDF က သတင်းထုတ်ပြန်သည်။ 

  • မြောင်မြို့နယ်၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ပြည်သူများနှင့် Youths for Community-Myaung အဖွဲ့တို့ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်မှု ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း ရိုးမရာဇာတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးကပြောသည်။ 

  • မုံရွာ လူငယ်များ စည်းရုံးနှင့် မုံရွာ တော်လှန် လူငယ်ကွန်ယက်တို့ ပူးပေါင်းကာ မုံရွာမြို့တစ်နေရာတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့၌ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ပအဖ ပကဖများနှင့် ပညာရေး မိသားစုများသည် ပြည်သူလူထုနှင့်အတူ အာဏာ သိမ်း စစ်ကောင်စီ အကြမ်းဖက်အုပ်စု၏ ဟန်ပြ /အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ကြောင်း ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး NUG အစိုးရအားထောက်ခံကြိုဆိုကြောင်း ၊ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနှင့် စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် တန့်ဆည်ပင်မသပိတ်စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် "အဆုံးထိတော်လှန် တန့်ဆည်သူ/သားတို့ အားမာန်" ဘန်နာကို ကိုင်ဆောင်၍ စစ်အာဏာရှင်တို့၏ ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရပ်ကျေးရွာကို စစ်တပ် က ယနေ့ နံနက်ပိုင်းတွင် ရွာလုံးကျွတ် ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ 

  • အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆားလင်းကြီးမြို့နယ် ဈေးတစ်ခုတွင် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သပိတ်အင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(GSCB)မှထုတ်ဝေသော ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ စစ်အာဏာရှင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုကို ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြကြသည်။ 

  • တောင်ကိုရီးယားနိုင်ငံ၊ နှစ်သစ်ကူး အလုပ်ပိတ်ရက်တွင် ဒယ်ဂူး ဘုန်ဘုန်း ဦး ဆောင် ကာ ခရီးသွားရင်း ဒို့တော်လှန် အစီအစဥ်ဖြင့် နွေဦး တော်လှန်ရေး ရန်ပုံ ငွေရရှိရေး နှင်းတောင်ခရီးစဥ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ များ ကျင်းပခဲ့ကြောင်း သိရသည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းကာ ဒေသခံ ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူ ပြည် သူ ၂ ဦးမှာ ဦးဗန်ဘိတ် နှင့် ဦးလလ်ဗ်လျန် တို့ဖြစ်ကြောင်း အတည်ပြု နိုင် သော် လည်း ကျန် ၄ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်ကြောင်း ဒေသပြည်သူ များက ပြောသည်။ 

  • ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်ကာ စစ်ကောင်စီ တပ်ဖွဲ့များ က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းကာ ရှာဖွေမှုများ ပြုလုပ်နေ ကြောင်း ဒေသခံများထံက သိရသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇန်နဝါရီ ၂၃ ရက်နေ့၌ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ  

  • မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးတို့ကို ဆွေးနွေးရန်အတွက် နေပြည်တော်သို့ မကြာမီကာလအတွင်း သွားရောက်မည်ဟု Tai Freedom သတင်းတွင် ရေးသားထားသည်။ 

  • အကြမ်းဖက် စစ်ကောင်စီတပ်က ငလိုင်ရွာမှ နေအိမ်များ၊ ဘုရားကျောင်းများကို မီးရှို့ခြင်း၊ ဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့သည့်ပြင် ပြည်သူလူထုပိုင်ပစ္စည်းများ ခိုးယူသွားကြောင်းမတူပီ ချင်းကာကွယ်ရေး တပ်(CDF) နှင့် မတူပီ ပ.အ.ဖတို့က ထုတ်ပြန်ထားသည်။ 
     

စစ်ကောင်စီ 

  • ထားဝယ်အရှေ့တောနယ်ဖြစ်သည့် ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ယနေ့ (ဇန်နဝါရီ ၂၃)မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

  • ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်း စေတီတော် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၅ ရက်အထိ ၁၅ ရက်ကြာ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ 

  • ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း တာဝါတိုင် (၁) တိုင် ဖောက်ခွဲဖျက်ဆီးခံရကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအတွင်းရှိ နေအိမ် ၁၅ လုံးကို PDF များ မီးရှို့ဖျက်ဆီးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးဌာနဖြစ်သည့် သတင်းပြန်ကြားရေးမှ စွတ်စွဲ ထုတ်ပြန်သည်။ 

  • ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပမည့် ဆော်ဒီအပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်ပြပွဲတွင် မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်သည်။ 
     

ဇန်နဝါရီ ၂၃ ရက် သုံးသပ်ချက် 

  • မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းမြို့နယ်ထဲကိုပါ စစ်ကြောင်းထိုးလာ၍ ပြည်သူထောင်နှင့်ချီထွက်ပြေးနေရသည်။ယင်းသို့စစ်ကြောင်းထိုးလျှင် ရွာများကို မီးတိုက်ကာ တွေ့သည့် ပြည်သူများကို သတ်ဖြတ်လေ့ရှိသည့်အတွက် အဆိုဒေသတဝိုက်ရွာများ မီးရှို့ခံရဖွယ်ရှိနေပြီး စစ်မီးသည် မန္တလေးမြို့နှင့်ပါနီးလာသည်ဟု ဆိုရမည်ဖြစ်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း ၎င်းတို့စိုးမိုးရာဒေသများတွင် အုပ်ချုပ်ရေးများလုပ်ငန်းများ တဖြည်းဖြည်းတည်ဆောက်နေသည်ကိုတွေ့ရသည်။တချို့မြို့နယ်များတွင် အခွန်စည်းကြပ်သည့် လုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပါလုပ်လာနိုင်သည်ကိုတွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly