လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသူ ကိုအောင်ချမ်းအေး နေအိမ်တွင် ဖမ်းဆီးခံရ

By ဂျူချန်း (မဇ္ဈိမ)
23 January 2023
လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသူ ကိုအောင်ချမ်းအေး နေအိမ်တွင် ဖမ်းဆီးခံရ

ဇန်နဝါရီလ ၂၃ ရက်

လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ကိုအောင်ချမ်းအေးအား နေအိမ်သို့ပြန်လာစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ကိုအောင်ချမ်းအေးသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာရှိနေအိမ်သို့ပြန်လာရာ မိနစ်ပိုင်းအတွင်း၌ပင် စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့ပြီး လက်ရှိတွင် ၎င်းအား ကျိုက်ထိုရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား သည်ဟု သိရသည်။

“ဆန္ဒပြတဲ့အချိန် ကော့ထင်းမှာ သူ့အိမ်ကိုပထမအကြိမ်လာဝိုင်းတော့ သူ ထိုင်းကို ပြန်သွားတာ။ ဒုတိယ အကြိမ်လာဝိုင်းတော့ ထိုင်းရောက်နေပြီ။ အခု ထိုင်းကနေပြင်ဦးလွင်မှာ အလုပ်ကိစ္စနဲ့ အင်တာဗျူးလုပ်ပြီး သူ့အိမ်ခဏပြန်လည်တာ။ ဧည့်သည်နှစ်ယောက်လည်းပါလာတော့ အုပ်ချုပ်ရေးမှူးဆီမှာ ဧည့်စာရင်းတိုင် ပြီးအိမ်ကိုပြန်တာ။ အိမ်ရောက်တော့ မိနစ်ပိုင်းအတွင်းအဖမ်းခံရတာပဲ။ ဧည့်သည်နှစ်ယောက်ကို မဖမ်း သွားဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

၎င်းသည် ၂၀၂၁ ခုနှစ်က ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရပြီးနောက် ပထမဆုံးအကြိမ် နေအိမ်သို့ ပြန်လာခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသူများ ရှိနေသေးသည်ဟုလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly