စားအုန်းဆီ ရည်ညွှန်းဈေး ၄,၄၄၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပတွင် ကျပ် ၈,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေ

By မေဘယ်လ်သူ (မဇ္ဈိမ)
23 January 2023
စားအုန်းဆီ ရည်ညွှန်းဈေး ၄,၄၄၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပတွင် ကျပ် ၈,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေ

ဇန်နဝါရီလ ၂၃ ရက်

စားအုန်းဆီ တစ်ပိဿာလျှင် ၄,၄၄၀ ကျပ် သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

သို့သော် ပြင်ပတွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်န၀ါရီလ ၂၃ ရက်မှ ဇန်န၀ါရီလ ၂၉ရက် နေ့အထိ ရန်ကုန် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို တစ်ပိဿာ ၄,၄၄၀ ကျပ် သတ်မှတ်ထားကြောင်း အဆိုပါကော်မတီက ကြေညာထားသည်။

“အပြင်မှာတော့ စားအုန်းဆီ တစ်ပိဿာ ၇၈၀၀ ၊ ၈၀၀၀ ကျပ်၀န်းကျင် ပေးဝယ်နေရတယ်။ ကုန်ဈေးနှုန်း တက်ပြီးပြန်မကျတဲ့အထဲမှာ ဆီလည်းထိပ်ဆုံးကပါတယ်”ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

စားအုန်းဆီအပြင် ပဲဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီတို့မှာလည်း ဈေးနှုန်းများမြင့်တက်နေပြီး အချို့သောဒေသများတွင် စားသုံးဆီပြတ်လပ်မှုများနှင့်ကြုံတွေ့နေရပြီး လိုချင်သည့်ပမာဏအထိဝယ်၍ မရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly