ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နိုင်ငံပိုင်သိမ်းရန်လျှောက်ထားချက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

By 001 (မဇ္စျိမ)
23 January 2023
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နိုင်ငံပိုင်သိမ်းရန်လျှောက်ထားချက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

ဇန်နဝါရီလ ၂၃ ရက်

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လျှောက်ထားရယူခဲ့သည့် မြေနေရာများကို နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီဘက်မှလျှောက်ထားချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကြားနာ ရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်ကောင်စီ၏ ဉပဒေရေးရာဝန်ကြီးဌာနတို့ နှစ်ဖက်အပြိုင်အဆိုင်ပြင်ဆင်မှု အယူခံတက်ထားသည့် အမှုကိုးမှုကို အမိန့်ချမှတ်နိုင်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လျှောက်လဲချက် ကြားနာရန်ရှိနေခြင်းဖြစ်သည်။

“နိုင်ငံတော်ဘက်က လရောင်တောအမှုသုံးမှုမှာ နေပြည်တော်က လရောင်တောကို ပြည်သူပိုင်အဖြစ် မသိမ်းလို့ဆိုပြီး ပြင်ဆင်မှုတက်တာ သုံးမှုရှိတယ်။ အဲဒီတော့ နိုင်ငံတော်ဘက်က တက်တာ သုံးမှု၊ ဒီဘက်ကတက်တာ ခြောက်မှုဆိုတော့ ကိုးမှုရှိတယ်”ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းစီမံကိန်းအတွက် နေပြည်တော်ဉတ္တရသီရိမြို့နယ် တွင် မြေ ၁၀၁ ဒသမ ၃၃ ဧက၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၃ ဒသမ ၈၅၅ ဧက ကို လျှောက်ထားရယူခဲ့သည့် ကိစ္စဖြစ်သည်။

ထို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဉက္ကဋ္ဌနေထိုင်ရန် တစ်ထပ်အဆောက်အဦးဆောက်သည့်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့်စွပ်စွဲအမိန့်ချရာ၌ ပစ္စည်းများကိုနိုင်ငံပိုင်မသိမ်းသည့်ကိစ္စ အတွက် စစ်ကောင်စီဘက်က ပြင်ဆင်မှုတက်ခြင်းဖြစ်သည်။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့ဘက်ကလည်း ၎င်းတို့ကို စွပ်စွဲအမိန့်ချမှတ်ခဲ့သည့်အပေါ် အယူခံတက်ထား ခြင်းဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အမှု လေးမှုဖြင့် တရားစွဲပြီး စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ်ချမှတ်ထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည်။

အဆိုပါ အမှုများထဲတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပြင်ဆင်မှု၊ အယူခံတက်ထားသည့် အမှုပေါင်း ၁၁ မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၁၅ ရက်နေ့တို့၌ ကြားနာရန်ရှိ နေ သည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly