လွှတ်တော်ကိုယ်စားလှယ်ကိုမျိုးကျော်နှင့်ကိုစိုင်းမောင်တို့ မြစ်ကြီးနားအကျဉ်းထောင်တွင် သက်ရှိ ထင်ရှားရှိနေ

လွှတ်တော်ကိုယ်စားလှယ်ကိုမျိုးကျော်နှင့်ကိုစိုင်းမောင်တို့ မြစ်ကြီးနားအကျဉ်းထောင်တွင် သက်ရှိ ထင်ရှားရှိနေ

ဇန်နဝါရီလ ၂၃ ရက်

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် သပိတ်ခေါင်းဆောင်ကိုစိုင်းမောင်တို့ မြစ်ကြီးနားအကျဥ်းထောင်တွင် သက်ရှိထင်ရှားရှိနေကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မဇ္ဈိမက အတည်ပြုရရှိထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကိုမျိုးကျော်နှင့် လူငယ်သပိတ်ခေါင်းဆောင်ကိုစိုင်းမောင်တို့ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က သတင်း များထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကြောရေးတွင် ညှဥ်းပမ်းနှိပ်စက်ခံရပြီး သတိလစ်မေ့မျောသွားသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေဆုံးပြီအထင်ဖြင့်ပစ်ထားခဲ့ရာ ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့၏ ညည်းညူသံကြောင့် “စစ်မေးစရာ ကျန်သေးတယ် မသေခိုင်းနဲ့ဦး” ဟုဆိုကာ တပ်တွင်း၌ဆေးကုသပေးနေခဲ့ပြီးနောက် မြစ်ကြီးနားအကျဥ်း ထောင်သို့ပြောင်းရွှေ့စစ်ဆေးနေခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားအကျဥ်းထောင်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆိုသည်။

“ကိုမျိုးကျော်ကိုတော့ ထောင်တွင်းတရားရုံးကနေပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ထောင်ဒဏ်ခုနစ်နှစ် ချလိုက်ပြီ။ ကိုစိုင်းမောင်ကိုတော့ ပုဒ်မနှစ်ခုလောက်နဲ့ ခုထိ ရုံးချိန်းထုတ်တာမျိုးပဲလုပ်သေးတယ်”ဟု အကျဥ်းထောင်အရာရှိတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့ကို ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် ၅၀ (ည) အစရှိသည့် ပုဒ်မအသီးသီးတို့ဖြင့် တရားစွဲဆိုထားကြောင်း ယင်း အကျဥ်း‌ထောင်ဝန်ထမ်းက မဇ္ဈိမကိုပြောသည်။

မိုးညင်းမြို့အဝင် နန်းပုတ်ကျေးရွာအနီးရှိ ခလရ(၁၅)တပ်ရင်း၏ စစ်ကြောရေးစခန်း၌ လွှတ်တော်ကိုယ် စားလှယ်ကိုမျိုးကျော်နှင့် လူငယ်သပိတ်ခေါင်းဆောင်ကိုစိုင်းမောင်တို့ ညှဥ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွား ပြီဖြစ်ကြောင်းသတင်းထွက်ပေါ်ခဲ့ပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့သည် မြစ်ကြီးနားအကျဥ်းထောင်၌ သက်ရှိထင်ရှားရှိနေပြီး ထောင်ဝင်စာတွေ့ခွင့် သုံးကြိမ်အထက် တွေ့ဆုံခွင့်ရကာ အဆက်အသွယ်ပြန်လည်ပြုလုပ်နိုင်ပြီဖြစ် ကြောင်း မိသားစုနှင့် နီးစပ်သူများက အတည်ပြုပြောကြားသည်။

ကိုမျိုးကျော်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူသေဆုံးသွားပြီးနောက် နာမကျန်းဖြစ်နေ သော အမေအိုကိုပြုစုလုပ်ကျွေးနေသူ တစ်ဦးဖြစ်ပြီး၊ ကိုစိုင်းမောင်တွင်လည်း သွေးသွင်းနေရသည့် နာမကျန်းကလေးငယ် တစ်ဦးရှိသည်ဟု သိရသည်။

ကိုမျိုးကျော်နှင့်အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့ ၂၁ မိုင် စုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရပြီးတစ်လအကြာတွင် စစ်ကြောရေးစခန်း၌ ၎င်းတို့နှစ်ဦးစလုံး ကျဆုံးသွားပြီဖြစ် ကြောင်း သတင်းနှင့်အတူ မိသားစုဝင်များနှင့်ပါ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly