ကန့်ဘလူမြို့နယ် ဂုဏ်ညှင်းရှိုကျေးရွာနှင့် ဝန်းသိုမြို့နယ် ပိန္နဲကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

By ရွှေနွယ် (မဇ္ဈိမ)
23 January 2023
ကန့်ဘလူမြို့နယ် ဂုဏ်ညှင်းရှိုကျေးရွာနှင့် ဝန်းသိုမြို့နယ် ပိန္နဲကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ဇန်နဝါရီလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ဂုဏ်ညှင်းရှိုကျေးရွာနှင့် ဝန်းသိုမြို့နယ်မှ ပိန္နဲကုန်းကျေးရွာတို့ ကို စစ်ကောင်စီတပ်များက ဇန်နဝါရီလ ၂၃ ရက် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်က မီးရှို့ဖျက် ဆီးခဲ့သည်ဟု Kawlin Revolution-KR မှ ဖော်ပြထားသည်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၃၆၃)တပ်မှ အင်အား(၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဝါးရုံခုံရွာရှိစျေးအားမီးရှို့ဖျက်ဆီးခဲ့ကြပြီး မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဝါးရုံခုံရွာမှ ကိုးတောင်ဘို့ဘက် သို့ပြန်လည်ဆုတ်ခွာလာခဲ့ရာ လမ်းတွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များနှင့် တစ်နာရီခန့်ကြာအောင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သုံးဦးခန့်သေဆုံးပြီးနောက် စစ်ကြောင်းသည် ဂုဏ်ညှင်းရှိုရွာ သို့ဆက်လက်ထွက်ခွာလာပြီး ညအိပ်တပ်စွဲနေခဲ့ကြသည်ဟု Kawlin Revolution-KR မှ ပြောသည်။ ယနေ့ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ညအိပ်တပ်စွဲနေသော စစ်ကောင်စီတပ်များက ဂုဏ်ညှင်းရှိုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သက်ပြီး “လောလောဆယ် တိတိကျကျသိရဖို့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ” ဟု Kawlin Revolution-KR ကပြောသည်။

ဂုဏ်ညှင်းရှိုကျေးရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် အဆိုပါစစ်ကောင်စီတပ်များသည် ကိုးတောင်ဘို့ရွာဘက် သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များကပြောသည်။

အလားတူ ဝန်းသိုမြို့နယ်တွင်လည်း အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က ပိန္နဲကုန်းကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်သုံးလုံးမီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အိုးပစ်တောင်ရိုးဘက်သို့ ဆက်လက်ထွက်ခွာ သွားသည်ဟု သိရသည်။

ကန့်ဘလူမြို့နယ်တွင် ဇန်နဝါရီ ၂၁ နှင့် ၂၂ ရက်တို့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီး များက အင်းမကျေးရွာကို နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၁၄ လုံးနှင့် စပါးတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ၂၀၂၂ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၈၄ မြို့နယ်မှ နေအိမ်အဆောက်အဦ ၅၄,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ISP မြန်မာ၏ စစ်တမ်းများအရသိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုများအနက် အများစုသည် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly