ယူကရိန်းသင်ခန်းစာက တရုတ်နှင့် စစ်ပွဲကို တားဆီးနိုင်ကြောင်း NATO အတွင်းရေးမှူးချုပ်ဟောင်း ပြောကြား

By Taipei Times
23 January 2023
ယူကရိန်းသင်ခန်းစာက တရုတ်နှင့် စစ်ပွဲကို တားဆီးနိုင်ကြောင်း NATO အတွင်းရေးမှူးချုပ်ဟောင်း ပြောကြား

ထိုင်ဝမ်နှင့် ယူကရိန်းအကြား နှိုင်းယှဉ်မှုကို လျစ်လျူရှုထား၍ မရနိုင်သောကြောင့် အနောက်နိုင်ငံများအနေဖြင့် တရုတ်ကို ဟန့်တားရေးအတွက် စည်းလုံးညီညွတ်စွာ တုံ့ပြန်ကြရန် နေတိုးအတွင်းရေးမှူးချုပ်ဟောင်း အန်ဒါဖို့ချ်ရပ်စ်မူဆန်က Financial Times ၏ အယ်ဒီတာ့အာဘော်တွင်  ဇန်နဝါရီ ၅ ရက်က ရေးသားလိုက်သည်။
“သမိုင်းကနေ ရယူရတဲ့ သင်ခန်းစာကတော့ အာဏာရှင်တွေနဲ့ ကျေအေးတာဟာ ငြိမ်းချမ်းရေးကို မဖြစ်ပေါ်စေဘဲ စစ်ပွဲနဲ့ ပဋိပက္ခတွေကိုသာ ဦးတည်သွားစေတယ်ဆိုတာပါပဲ” ဟု Financial Times တွင် ရေးသားခဲ့သည်။
ရန်လိုသော နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံတစ်ခု၏  ခြိမ်းခြောက်မှုအောက်၌ ထိုင်ဝမ်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ရုရှားနှင့်အတူ ယူကရိန်း ဖြစ်တည်လာပုံနှင့် နှိုင်းယှဉ်နိုင်သည်။ 
ယူကရိန်းကဲ့သို့ပင် ထိုင်ဝမ်သည် အာဏာရှင်ခေါင်းဆောင်၏ ပြည်တွင်း ဖိနှိပ်ချုပ်ချယ်မှုနှင့် ပြည်ပ၌ ရန်လိုမှုများ၊ ပြည်မကြီးနှင့်ပြန်လည်ပေါင်းစည်းရေး ကြွေးကြော်မှုများ၊ နယ်စပ်ဖြတ်ကျော်ကာ စစ်လက်နက်နှင့် လူပုဂ္ဂိုလ်များ ဖြန့်ကြက်ချထားမှု စသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရပ်စ်မူဆန်က ပြောကြားခဲ့သည်။
“ဒီမိုကရက်တစ်နိုင်ငံတွေက ယူကရိန်းကို ရုရှားတိုက်ခိုက်မှုအပေါ် ဟန့်တားဖို့ ပျက်ကွက်ခဲ့ပါတယ်၊ တရုတ်နဲ့ ပတ်သက်ပြီး အလားတူအမှားတွေ မလုပ်မိစေရပါဘူး၊ ထိုင်ဝမ်ရေလက်ကြားမှာ အလားတူအဖြစ်မျိုးကို တားဆီးဖို့ ယူကရိန်းစစ်ပွဲကနေ မှန်ကန်တဲ့သင်ခန်းစာတွေကို ရယူရပါမယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။  
ခုခံတွန်းလှန်လိုစိတ်သည် ရှင်သန်မှုအတွက် အဓိက ဖြစ်ကြောင်း ယူကရိန်းစစ်ပွဲက ဖော်ပြနေပြီး ယူကရိန်းနိုင်ငံသားများက လက်နက်စွဲကိုင်ရန် သန္နိဋ္ဌာန်ချထားသောကြောင့်သာ အနောက်နိုင်ငံများမှ ပေးအပ်သော လက်နက်နှင့် အထောက်အပံ့များသည် ထိရောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်ရဲ့ တိုက်ခိုက်မှုကို ဟန့်တားဖို့အတွက် ကျူးကျော်မှုမှန်သမျှဟာ အရင်းအနှီးကြီးမယ်ဆိုတာကို တရုတ်က သဘောပေါက်ဖို့ လိုပါတယ်။ ထိုင်ဝမ်က စစ်မှုထမ်းသက်တမ်းကို ၄ လကနေ ၁ နှစ်အထိ တိုးလိုက်နာဟာ အားတက်စရာ လက္ခဏာတစ်ရပ်ဖြစ်ပြီး စစ်ပွဲကနေ မှန်ကန်တဲ့ သုံးသပ်ချက် ချနိုင်ခဲ့တာပါ” ဟု ရပ်စ်မူဆန်က ပြောသည်။  
ဒီမိုကရက်တစ်ကမ္ဘာ့နိုင်ငံများသည် ရန်လိုမှုလုပ်ရပ်ကို စည်းလုံးညီညွတ်စွာ တုံ့ပြန်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်း၏  အရေးပါပုံကိုလည်း လေ့လာရမည် ဖြစ်ကြောင်း ရပ်စ်မူဆန်က ပြောသည်။ 
ရုရှားက ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်က သိမ်းယူချိန်တွင် ဥရောပနိုင်ငံများက ယခုကဲ့သို့ ထောက်ခံအားပေးခဲ့ပါက ယူကရိန်းပဋိပက္ခကို ရှောင်ရှားနိုင်မည်ဟု ရပ်စ်မူဆန်က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly