တရုတ်နိုင်ငံတွင် နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် လူဦးရေကျဆင်း

By Reuters
23 January 2023
တရုတ်နိုင်ငံတွင် နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် လူဦးရေကျဆင်း

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်က လူဦးရေ ၁ ဒသမ ၄၁၁၇၅ ဘီလီယံ ရှိပြီး အကြမ်းဖျင်းအားဖြင့် လူ ၈၅၀ ၀၀၀ ကျဆင်းခဲ့ကြောင်း နိုင်ငံ၏စာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့ပြီး  တရုတ်နိုင်ငံ အငတ်ဘေးဆိုက်သည့် နောက်ဆုံးနှစ် ၁၉၆၁ ခုနှစ် နောက်ပိုင်း ပထမဆုံး လူဦးရေကျဆင်းမှုဖြစ်သည်။
ယင်းအနေအထားကြောင့် အိန္ဒိယသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာပေမည်။ အိန္ဒိယသည် ၂၀၂၂ ခုနှစ်တွင် လူဦးရေ ၁ ဒသမ ၄၁၂ ဘီလီယံ ရှိမည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူများက လွန်ခဲ့သောနှစ်က ခန့်မှန်းထားသော်လည်း ယခုနှစ်ကုန်အထိ တရုတ်နိုင်ငံကို ကျော်တက်နိုင်မည့်အလားအလာမရှိပေ။ 
သို့သော် အိန္ဒိယသည် ၁၀ နှစ်လျှင် ၁ ကြိမ်သာ လူဦးရေစာရင်းကို ကောက်ယူပြီး ၂၀၂၁ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်ကို ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၅၀ ခုနှစ်တွင် ၁၀၉ သန်း ကျဆင်းသွားမည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူများက ရေရှည်အတွက် ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ်က ခန့်မှန်းခဲ့သည့် ကျဆင်းမှုအရေအတွက်ထက် ၃ ဆကျော်ရှိသည်။
"တရုတ်ရဲ့ လူဦးရေစာရင်းနဲ့ စီးပွားရေး အလားအလာက မျှော်လင့်ထားတာထက် အများကြီး ပိုဆိုးပါတယ်။ တရုတ်က သူ့ရဲ့ လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပြုပြင်ပြောင်းလဲရလိမ့်မယ်" ဟု လူဦးရေစာရင်းပညာရှင် ယိဖုရှန်းက ပြောကြားခဲ့သည်။
နိုင်ငံ၏ လုပ်သားအင်အား ကျဆင်းမှုနှင့် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းသည် အမေရိကန်နှင့် ဥရောပတွင် ဈေးနှုန်းမြင့်မားခြင်းနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းတို့ကို ပိုမိုဆိုးရွားစေသည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ "စီးပွားရေးတိုးတက်မှုဟာ ကုန်ထုတ်စွမ်းအား တိုးတက်မှုအပေါ် ပိုမူတည်နေလိမ့်မယ်" ဟု Pinpoint Asset Management မှ စီးပွားရေးပညာရှင် ကျိဝေကျန်းက ပြောကြားခဲ့သည်။
နိုင်ငံစာရင်းအင်းဗျူရိုအကြီးအကဲ ခန်းရီက လူဦးရေကျဆင်းမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို ပယ်ချပြီး "စုစုပေါင်းလုပ်သား အင်အားသည် လိုအပ်ချက်ထက်ကျော်လွန်နေသေးသည်" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ 
တရုတ်နိုင်ငံတွင် ကလေးမွေးဖွားနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၇ ဒသမ ၅၂ ဦးရှိရာမှ ယမန်နှစ်တွင်  လူ ၁၀၀၀ လျှင် ၆ ဒသမ ၇၇ ဦးသာ မွေးဖွားခဲ့ပြီး စံချိန်တင်အနည်းဆုံး ကလေးမွေးဖွားနှုန်း ဖြစ်ခဲ့သည်။
အစိုးရသတ်မှတ်ထားသည့် ကလေးမွေးဖွားနိုင်သော အသက်အရွယ် ၂၅ နှစ်မှ ၃၅ နှစ်ကြား ရှိ တရုတ်အမျိုးသမီး အရေအတွက်မှာ ၄ သန်းခန့် ကျဆင်းသွားသည်ဟု ခန်းက ပြောသည်။ သေဆုံးမှုနှုန်းမှာ လူ ၁၀၀၀ လျှင် ၇ ဒသမ ၃၇ ဦး ရှိပြီး ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၉၇၄ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးဖြစ်ပြီး  ၂၀၂၁ ခုနှစ်တွင် သေဆုံးနှုန်း ၇ ဒသမ ၁၈ ဦးရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly