တရုတ်အစိုးရ၏ ဂျီဒီပီခန့်မှန်းချက် မရရှိနိုင်တော့ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ 

By  ANI
23 January 2023
တရုတ်အစိုးရ၏ ဂျီဒီပီခန့်မှန်းချက် မရရှိနိုင်တော့ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ 

တရုတ်နိုင်ငံသည် ကိုဗစ်လုံးဝကင်းစင်မူဝါဒနှင့် ရန်လိုသောလုပ်ရပ်များကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် အခက်အခဲများ ကြုံတွေ့ရပြီး ၎င်း၏ မျှော်မှန်းထားသော ဂျီဒီပီတိုးတက်မှုနှုန်းကို ပြည့်မီရန် မဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ် Global Economic Prospects တွင် ဖော်ပြထားသည်။
 တရုတ်အစိုးရက နိုင်ငံ၏  ဂျီဒီပီ တိုးတက်မှုနှုန်းကို  ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက်များထက် ၀ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းနေကာ တရုတ်စီးပွားရေးမှာ ယခုအခါ ပြန်လည် ကျဆင်းနေပြီဖြစ်သည်။
ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း၊ အတိုးနှုန်းမြင့်မားခြင်း၊ ရင်းနှီးမြုပ်နှံမှု လျှော့ချခြင်းနှင့် ယူကရိန်းကို ရုရှားကျူးကျော်မှုစသည့် အနှောင့်အယှက်များ ကြုံတွေ့ရခြင်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် သိသိသာသာ နှေးကွေးနေသည်ဟု ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ကျစရိတ်နည်းသော ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်များကို အခြေခံထားသော တိုးတက်မှုနှုန်းသည် ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိခဲ့ပြီး စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် မညီမျှမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု Financial Post တွင် ဖော်ပြထားသည်။
ယင်းမညီမျှမှုများကို လျှော့ချရန် ကုန်ထုတ်လုပ်မှုမှ တန်ဖိုးမြင့်ဝန်ဆောင်မှုအဖြစ်သို့လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုမှ စားသုံးမှုအဖြစ်သို့လည်းကောင်း၊ မြင့်မားနေသော ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့်လည်းကောင်း တရုတ်၏ စီးပွားရေး တည်ဆောက်မှုပုံစံကို ပြောင်းလဲရမည်ဖြစ်သည်။ သို့သော် ထိုအချက်များသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးစားပေးအစီအစဉ် ဖြစ်ဟန်မရှိပေ။ 
အိမ်ရာစီမံကိန်း တည်ဆောက်သူများ၏ ငွေဖြစ်လွယ်မှုအပေါ် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ခဲ့ခြင်းကြောင့် တရုတ်အိမ်ခြံမြေဈေးကွက် နှေးကွေးသွားခဲ့သည်။ ကိုဗစ်-၁၉ အကြိမ်ကြိမ်ဖြစ်ပွားမှုများနှင့် ဝယ်သူများက ဆောက်လုပ်ဆဲအိမ်များတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်ကြသောကြောင့် အိမ်ခြံမြေဝယ်လိုအားမှာ ကျဆင်းလျက်ရှိသည်။ အိမ်ခြံမြေကဏ္ဍ နှေးကွေးခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ဆင့်ကဲသက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ 
လုပ်သားအင်အား တိုးတက်မှုနှုန်း ကျဆင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရချက်လျော့နည်းလာခြင်းနှင့် ကုန်ထုတ်စွမ်းအားတိုးတက်မှုနှေးကွေးခြင်းတို့ကဲ့သို့ စီးပွားရေးဖွဲ့စည်းပုံဆိုင်ရာ အကန့်အသတ်များကြောင့် ကဏ္ဍစုံတိုးတက်မှုနှုန်း ကျဆင်းလာသည်။
တရုတ်စီးပွားရေးသည် ရာသီဥတုဒဏ်ခံရနိုင်မှု၊ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းများ၊ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများကို ကြုံတွေ့နေရကာ ၎င်းဖြစ်ရပ်များအတွက် တရုတ်ကိုယ်တိုင် အဆိုးရွားဆုံး တရားခံဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။
တရုတ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာက စွန့်လွှတ်ခဲ့သည့် ကိုဗစ်လုံးဝကင်းစင်မူဝါဒကြောင့် ရှန်ကျန်းနှင့် တီယန်ကျင်း ကဲ့သို့သော ကုန်ထုတ်လုပ်ရေး အချက်အချာကျသောနေရာများတွင် ဆုံးရှုံးမှုများရှိခဲ့သည်။ စက်ရုံ၏ ကုန်ထုတ်လုပ်မှုမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ကျဆင်းခဲ့ကြောင်း ပုဂ္ဂလိကလေ့လာမှုများက ပြသနေသည်ဟု Financial Post က ဖော်ပြသည်။
ရေအားလျှပ်စစ်ဓာတ်အားကို မှီခိုနေရသော စက်မှုလုပ်ငန်းများဖြစ်သော စီချန် နှင့် ချုံချင်းကဲ့သို့သော နေရာများတွင် ပြင်းထန်သော အပူလှိုင်းများကြောင့် လေအေးပေးစက်များ ပိုမိုအသုံးပြုလာရကာ ဒေသတွင်း လျှပ်စစ်လိုအပ်ချက်များလာသလို ခြောက်သွေ့သောအခြေအနေကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ လျော့နည်းလာသည်။
iPhone ထုတ်လုပ်သည့်စက်ရုံ Foxconn နှင့် Tesla ကားစက်ရုံတို့သည် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အလုပ်ချိန်များကို လျှော့ချရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှု ရပ်နားရန် ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံတွင် တိုးတက်မှုအတွက် အဓိကကျသော သံနှင့်သံမဏိလုပ်ငန်း၏ အမြတ်အစွန်းများသည် ၂၀၂၂ ခုနှစ် တွင် ပထမ ၇ လအတွင်း ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း Financial Post က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly