SARS-CoV-2 ဟာ ဇီဝလက်နက်လား သဘာဝကပ်ရောဂါလား

ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်သည် လူကဖန်တီးထားသည့် ကပ်ဘေးလား၊ သဘာဝကပ်ရောဂါလား ဆိုသည်ကို အငြင်းပွားမှုများ ရှိနေကြောင်း မဟာဗျူဟာဆက်ဆံရေးဆိုင်ရာ အင်ဒို-ပစိဖိတ်ဌာန (IPSCC) ၏ Tuoi Tre သတင်းစာတိုက် ပြည်ပရေးရာသတင်းအဖွဲ့၏ သတင်းဆိုင်ရာမန်နေဂျာနှင့် မဟာဗျူဟာရေးဆွဲသူအဖြစ် လုပ်ကိုင်ခဲ့သည့် ဟနွိုင်းအခြေစိုက် သတင်းထောက်  သူဒေါင်းက ရေးသားထားသည်။
ကျင့်ဝတ်သိက္ခာမဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသည့် ဇီဝနည်းပညာဆိုင်ရာ တရုတ်၏လုပ်ဆောင်ချက်များအပေါ် စိုးရိမ်ရမည့် အကြောင်းပြချက်ကောင်းများ ရှိနေသည်။
တရုတ်က ဇီဝလက်နက်အစီအစဉ်နှင့်ပတ်သက်ပြီး တစ်ခါမှ ဝန်မခံဖူးသော်လည်း တရုတ်နိုင်ငံသည် ဇီဝလက်နက်များ ဖန်တီးမှု၊ ထုတ်လုပ်မှုနှင့် သိုလှောင်မှုတို့ကို စစ်ရာဇဝတ်မှုအဖြစ်ကြေညာခဲ့သည့် ၁၉၇၂ ခုနှစ် ဇီဝလက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်ကို ချိုးဖောက်ကာ လက်နက်အဖြစ်အသုံးပြုသော ရိုင်ဇင်အဆိပ်၊ ဘော့တူလိုင်နမ် အဆိပ်နှင့် ထောင့်သန်းနာရောဂါ၊ ကာလဝမ်းရောဂါ၊ ပုလိပ်ရောဂါနှင့် တူလာရီးမီးယားရောဂါများကိုဖြစ်စေသည့် ပိုးမွှားများ ပါဝင်သော ဇီဝလက်နက်များကို ယခင်က ထုတ်လုပ်ခဲ့သည်ဟု IPCSC က ဖော်ပြထားသည်။
သမိုင်းကြောင်းအရ အတိတ်တွင် အဆိုးရွားဆုံး ကမ္ဘာ့ကပ်ရောဂါအချို့သည် တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်လာခဲ့သည်။ ဥပမာ ပလိပ်ရောဂါ သို့မဟုတ် Black Death သည် ၁၃၄၆ ခုနှစ်မှ ၁၃၅၃ ခုနှစ် အတွင်း အာဖရိက၊ အာရှနှင့် ဥရောပတို့ကို ကူးစက်ခဲ့ပြီး လူပေါင်း သန်း ၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။
တစ်ကမ္ဘာလုံးတွင် လူသန်း ၅၀ သေဆုံးစေခဲ့ပြီး ရာစုနှစ်အတွင်း အသေအပျောက်အများဆုံးကူးစက်ရောဂါအဖြစ် သတ်မှတ်ထားသော စပိန်တုပ်ကွေး ဟုခေါ်သည့် ၁၉၁၈ တုပ်ကွေးရောဂါသည် ရောဂါမပျံ့နှံ့ခင် အရင်တစ်နှစ်က တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည်။
ထို့ပြင် အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ အမြဲတမ်းရွေးချယ်ရေးကော်မတီ (HPSCI) တွင် ရီပတ်ဘလစ်ကန်များက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကိုဗစ်၏ဇာစ်မြစ်အကြောင်းအစီရင်ခံစာ (၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်) တွင် တရုတ်နိုင်ငံက SARS-CoV-2 ကို ဇီဝလက်နက်အဖြစ် တီထွင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။ 
တရုတ်စစ်တပ်၏ စစ်ဘက်ဆိုင်ရာ ဆေးသိပ္ပံတက္ကသိုလ် ကျောင်းခွဲ (၅) သည် ဇီဝလက်နက် အစီအစဉ်များ၊ ကိုရိုနာဗိုင်းရပ်ပိုးများနှင့် နှစ်ရှည်လများ လုပ်ကိုင်ဆောင်ရွက်သည့် သမိုင်းကြောင်းရှိသည်ဟု ကော်မတီက စိစစ်အကဲဖြတ်ခဲ့သည်။
အဆိုပါ ဆေးသိပ္ပံတက္ကသိုလ် ကျောင်းခွဲ (၅) သည် SARS ကိုရိုနာဗိုင်းရပ်ဆိုင်ရာ သုတေသနပြုခြင်းကို အထူးပြုဆောင်ရွက်ခဲ့ကြောင်း၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံကိုယ်တိုင်က ကြေညာခဲ့ပြီး ထိုကျောင်းသည် ဝူဟန်ဗိုင်းရပ်စ်ပိုးမွှားဗေဒတက္ကသိုလ်နှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်နေသည်။
တရုတ်နိုင်ငံတွင် ထင်ရှားသည့် ဇီဝလက်နက်များ ထုတ်လုပ်ရာ နေရာ ၂ ခုရှိပြီး တစ်ခုက ပေကျင်းတွင်ရှိပြီး  ဒုတိယတစ်ခုက ဟဲနန်ပြည်နယ် လင်ဘောင်တွင် ရှိသည်။ လင်ဘောင် စက်ရုံသည် ကိုဗစ်-၁၉ ကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ် ပထမဆုံးပေါ်ပေါက်ခဲ့သည့် ဝူဟန်မြို့အနီးတွင် တည်ရှိသည်။ ထို့ကြောင့် SARS-CoV-2 သည် ဇီဝလက်နက်တစ်ခု ဖြစ်နိုင်ခြေကို လက်လွှတ်၍မရကြောင်း ၎င်းက ဆိုသည်။
ကျောင်းခွဲ (၅) ကဲ့သို့ တရုတ်စစ်တပ်၏ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများသည် မျိုးဗီဇပြုပြင်ခြင်းနှင့် အခြားစစ်ဘက်ဆိုင်ရာဆေးပညာနှင့် ဇီဝနည်းပညာဆိုင်ရာ နယ်ပယ်အသစ်များကို သုတေသနပြုရာ အဓိကဌာနများအဖြစ် မကြာသေးမီနှစ်များအတွင်း ပေါ်ထွက်လာခဲ့သည်။
ကနေဒါနိုင်ငံ ဝင်နီပက်ဂ်ရှိ နိုင်ငံတော်အဏုဇီဝဓာတ်ခွဲခန်းမှ ပြုလုပ်သည့်အတိုင်း တရုတ်စစ်တပ်မှ ဗိုင်းရပ်စ်ဗေဒပညာရှင်များသည် ကမ္ဘာတစ်ဝန်းရှိ တောရိုင်းတိရိစ္ဆာန်များမှ အန္တရာယ်ရှိသော ဗိုင်းရပ်စ်များကို စုဆောင်းခြင်း သို့မဟုတ် ပူးတွဲသုတေသနပြုသူများအဖြစ်ဆောင်ရွက်ပြီး ခိုးယူခြင်းများ ပြုလုပ်ခဲ့သည့် သတင်းများလည်းရှိကြောင်း IPCSC က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် CRISPR ဗီဇပြုပြင်ခြင်းနည်းပညာနှင့် လူသားများကိုစမ်းသပ်မှု အရေအတွက်တွင်လည်း ကမ္ဘာတွင် ရှေ့ဆုံးမှဦးဆောင်နေသည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်း၍ "ပေါ်ထွန်းလာသော ကူးစက်ရောဂါများနှင့် ဗိုင်းရပ်စ်ပိုးကူးစက်မှုအပေါ် ဇီဝဗေဒဆိုင်ရာထိန်းချုပ်မှု လေ့လာရေး ပူးပေါင်းဆောင်ရွက်မှု" ခေါင်းစဉ်ဖြင့် ဇီဝလုံခြုံမှု အဆင့်-၄ ရှိသည့် ဓာတ်ခွဲခန်း၌ သုတေသနပြုလုပ်နေပြီး အန္တရာယ်အရှိဆုံးနှင့် အကူးစက်နိုင်ဆုံး ပိုးမွှားများကို စမ်းသပ်တီထွင်နေနိုင်သည်ဟု ယူဆရကြောင်း  IPCSC တွင် ဖော်ပြထားသည်။ 
အထက်ပါအချက်များကြောင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဇီဝလက်နက်များ တီထွင်ဖန်တီးမှု၊ ထုတ်လုပ်မှုနှင့် သိုလှောင်ထားရှိမှုများကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သူဒေါင်းက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly