ပါကစ္စတန်မှ ခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် တာလီဘန်၏ ပထမဆုံး အစီရင်ခံစာ ထွက်ပေါ်

By NDTV
23 January 2023
ပါကစ္စတန်မှ ခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် တာလီဘန်၏ ပထမဆုံး အစီရင်ခံစာ ထွက်ပေါ်

တာလီဘန်သည် ၂၀၀၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၎င်းတို့အတွက် ဘေးကင်းလုံခြုံရာနေရာအဖြစ် သတ်မှတ်ထားသည့် ပါကစ္စတန်မှ ခြိမ်းခြောက်မှုများကို ပထမဆုံးအကြိမ်အဖြစ် အစီရင်ခံဖော်ပြခဲ့ကြောင်း အလွတ်တန်း သတင်းထောက် ဘိုင်လယ်လ်ဆာဝါရီက ဌာနတွင်းမှတ်တမ်းတစ်ခုကို ကိုးကား၍ ထုတ်ဖော်ပြောဆိုလိုက်သည်။
ဆာဝါရီက "ပေါက်ကြားလာတဲ့ တာလီဘန်တွေရဲ့ ဌာနတွင်းမှတ်တမ်းတစ်ခုမှာ ပါကစ္စတန်က လူမျိုးစု နယ်မြေအတွင်းမှာ အစ္စလာမ္မစ်နိုင်ငံ-ခိုရာဆန်ပြည်နယ် (ISKP) လေ့ကျင့်ရေးစခန်းတစ်ခုအကြောင်း ဖော်ပြ ထားပြီးတော့ ပါကစ္စတန်ကနေ လိုဂါပြည်နယ်ထဲကို ISKP တွေ အစုလိုက်အပြုံလိုက် ဝင်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တစ်ချိန်က သူတို့ရဲ့ လုံခြုံစိတ်ချရတဲ့နေရာဖြစ်ခဲ့တဲ့ ပါကစ္စတန်ဆီကနေ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်တဲ့ တာလီဘန်တွေရဲ့ ပထမဆုံး အစီရင်ခံစာက စိတ်ဝင်စားစရာကောင်းတဲ့ လှည့်ကွက်တစ်ခုပါပဲ" ဟု Twitter တွင် ဖော်ပြထားသည်။
တာလီဘန်နှင့် ပါကစ္စတန်တို့အကြား ဆက်ဆံရေးသည် ယခုအခါ စိုးရိမ်စရာ အနေအထားတွင် ရှိနေသည်။ တစ်ဖက်တွင် တာလီဘန်တို့က ပါကစ္စတန်၏ ခြိမ်းခြောက်မှုကို ခံစားခံနေရသလို အခြားတစ်ဖက်တွင် ပါကစ္စတန်သည် တာလီဘန်အဖွဲ့အား ထောက်ပံ့မှုအတွက် ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်နေရသည်။
နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို အစိုးရကကျောထောက်နောက်ခံပေး ကူညီရာတွင် အမြဲပါဝင်ခဲ့သည့် ပါကစ္စတန်သည် အာဖဂန်တာလီဘန်များကို ယခင်က ချီးကျူးခဲ့သော်လည်း ယခုအခါ ယင်း၏အကျိုးဆက်များကို ရင်ဆိုင်နေရကြောင်း တောင်အာရှဒီမိုကရက်တစ်ဖိုရမ် (SADF) က ထုတ်ပြန်ထားသည်။
သို့သော် ပါကစ္စတန်သည် ယခုအခါ အာဖဂန် တာလီဘန်များနှင့် အာဖဂန်မှ ထောက်ပံ့ပေးထားသည့် ဝါဒတူ ပါကစ္စတန် တာလီဘန်တို့၏ နှစ်ဖက် တိုက်ခိုက်မှုများကို ရင်ဆိုင်နေရကြောင်း မကြာသေးမီက SADF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တာလီဘန်က ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်ကို သိမ်းပိုက်သည့်အခါ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ကျွန်စနစ်၏ အချုပ်အနှောင်များကို ချိုးဖျက်မှုဟု အာဖဂန်တာလီဘန်များအား ချီးကျူးပြောဆိုခဲ့သည်။
အာဖဂန်နစ္စတန်ကို တာလီဘန်များ သိမ်းပိုက်ပြီးကတည်းက ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်း မြင့်တက်လာပြီး အများစုမှာ အာဖဂန်တာလီဘန်များ၏ ပံ့ပိုးမှုဖြင့် ပါကစ္စတန်တာလီဘန် (TTP) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ TTP နှင့် ပါကစ္စတန်အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုပင် ဖျက်သိမ်းခဲ့ရကြောင်း SADF က ဆိုသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ပါကစ္စတန်သည် ဂျီဟတ်ဝါဒကို နိုင်ငံခြားရေးမူဝါဒအဖြစ် အသုံးပြုခြင်းကို ရပ်တန့်ရန်နှင့် အစွန်းရောက်အစ္စလာမ္မစ်အုပ်စုများကို သြဇာလွှမ်းမိုးမှုတစ်ခုအဖြစ် အသုံးချခြင်းကို အဆုံးသတ်ရန် အခွင့်အလမ်းရှိခဲ့ကြောင်း အစီရင်ခံစာတွင် ထပ်မံဖော်ပြထားသည်။ ထိုသို့ပြုလုပ်ခဲ့ပါက အိန္ဒိယနှင့် ဆက်ဆံရေး တိုးတက်စေခဲ့မည်ဟု ဆိုသည်။
ပါကစ္စတန်သည် ချိနဲ့နေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ တိုင်းရင်းသားလူနည်းစုများကို အကာအကွယ်ပေးခြင်းနှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့နိုင်သည်။ ယင်းအစား အမေရိကန်နှင့် ၎င်း၏မဟာမိတ် NATO အဖွဲ့တို့ကို ဆန့်ကျင်သည့် တာလီဘန်ကို ဆက်ထောက်ပံ့ရန် ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့သည်ဟု SADF က ပြောကြားခဲ့သည်။
ယနေ့ ပါကစ္စတန် ရင်ဆိုင်နေရသော အကြမ်းဖက်မှုသည် အီမရန်ခန်းအစိုးရကြောင့်မဟုတ်ဘဲ ၁၉၄၇ ခုနှစ်မှစ၍ စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်ပိုင်းများ၏ အခွင့်အရေး လက်လွတ်ဆုံးရှုံးမှုများနှင့် မူဝါဒအလွဲများ၏ အကျိုးဆက်ဖြစ်ကြောင်း SADF ၏ သုတေသန ဒါရိုက်တာ ဆစ်ဂ်ဖရီးအိုဝုဖ်က ဆိုသည်။
“အာဖဂန်နစ္စတန်တွင် ပါကစ္စတန်၏ ရည်မှန်းချက်များ မဖြစ်မြောက်ခဲ့သောကြောင့် အာဖဂန် တာလီဘန်များအပေါ် ပါကစ္စတန်၏ ချဉ်းကပ်မှုမှာလည်း မအောင်မြင်ခဲ့ဘဲ ဆန့်ကျင်ဘက်အဖြစ် ယခုအခါ ပါကစ္စတန်ကိုယ်တိုင် မတည်ငြိမ်မှုများကို ကြုံတွေ့လာရသည်” ဟု SADF က ဖော်ပြထားသည်။
ထို့ပြင် ပါကစ္စတန်သည် ၎င်းတို့ကူညီပေးနေသော တာလီဘန်များက ထာဝရ ကျေးဇူးတင်နေလိမ့်မည်ဟု ယူဆထားသောကြောင့် ပါကစ္စတန်တွင် ပြီးပြည့်စုံသည့် အာဖဂန်မူဝါဒလည်း မထားရှိခဲ့ပေ။
အထူးသဖြင့် အာဖဂန်တာလီဘန်နှင့် ပါကစ္စတန်တာလီဘန်တို့ကြား စစ်ရေးဆက်ဆံမှု တဖြည်းဖြည်း အားနည်းလာကာ အာဖဂန်စိုးရအသစ်များက  အာဖဂန်မြေပေါ်ရှိ TTP နှင့် အခြားပါကစ္စတန်ဆန့်ကျင်ရေးအဖွဲ့များအား ပြတ်သားစွာ အရေးယူလိမ့်မည်ဖြစ်ဟု ပါကစ္စတန်လုံခြုံရေးအသိုင်းအဝိုင်းများက ယူဆခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဝုဗ်က ထပ်မံပြောဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly