သတင်းအချက်အလက်ရယူခွင့်မရှိခြင်းနှင့်ကန့်သတ်မှုများအပေါ် အာဖဂန်ဂျာနယ်လစ်များ ဝေဖန်

By ANI 
23 January 2023
သတင်းအချက်အလက်ရယူခွင့်မရှိခြင်းနှင့်ကန့်သတ်မှုများအပေါ် အာဖဂန်ဂျာနယ်လစ်များ ဝေဖန်

အာဖဂန်နစ္စတန်တွင် လွန်ခဲ့သည့်နှစ် သြဂုတ်လက တာလီဘန်တို့  အာဏာသိမ်း ပြီးနောက်ပိုင်း သတင်းရယူခွင့်မရှိခြင်းနှင့်  မီဒီယာသမားများကို တင်းကျပ်သော ကန့်သတ်မှုများချမှတ်သည့်အပေါ်  အာဖဂန်နစ္စတန်ရှိ ဂျာနယ်လစ်များနှင့် မီဒီယာများက  ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း TOLO News သတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်တွင် ဖော်ပြထားသည်။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ တာလီဘန်တို့အား ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပြီး သတင်းရယူခွင့်သည် ပြည်သူများနှင့် သတင်းသမားများ၏ အခြေခံအခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။
"အစိုးရနဲ့ တာဝန်ရှိသူတွေဆီကို ဆက်သွယ်တဲ့အခါ၊ စာပို့တဲ့အခါ သူတို့က မတုံ့ပြန်ကြဘူး။ စာကိုတွေ့ပေမယ့် အချိန်မီ အကြောင်းမပြန်ကြဘူး" ဟု သတင်းထောက်တစ်ဦးဖြစ်သူ ဖာကွန်ဒါ မဲဟ်ဘီက ပြောကြားခဲ့သည်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူများနှင့် အစိုးရတာဝန်ရှိသူများသည် သတင်းထောက်များ၏မေးခွန်းများကို တုံ့ပြန်ဖြေကြားခြင်းမရှိသဖြင့် သတင်းအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မျှမျှတတ မထုတ်ဝေရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း အခြားသတင်းထောက် မူစတာဖာ ရှာဟာယာက TOLO News သို့ ပြောကြားခဲ့သည်။
တာလီဘန် အာဏာရလာပြီးနောက်ပိုင်း အာဖဂန်နစ္စတန်တွင် သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အဆမတန် မြင့်တက်လာကြောင်း၊ သတင်းထောက် အယောက် ၂၀၀ ထက်မနည်း လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂကူညီစောင့်ရှောက်ရေးအဖွဲ့ (UNAMA) ၏ နိုဝင်ဘာလအစောပိုင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လကစပြီး သတင်းထောက် ၂၀၀ ကျော်၏ လူ့အခွင့်အရေး ချိုးဖောက်ခံ ခဲ့ရကြောင်း UNAMA က မှတ်တမ်းတင်နိုင်ခဲ့ပြီး စံချိန်တင်များပြားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းများ ပါဝင်သည်ဟု UNAMA က Twitter တွင် ဖော်ပြထားသည်။
တာလီဘန်လက်ထက်တွင် အမျိုးသမီးများ၏ အခွင့်အရေးများ မြှင့်တင်ခြင်းနှင့် သတင်းလွတ်လပ်ခွင့်များ မရှိတော့ဘဲ အမျိုးသား အမျိုးသမီး တန်းတူညီမျှခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကြိုးပမ်းမှုများကိုလည်း ရုပ်သိမ်းခဲ့သည်။ 
တောင်အာရှမီဒီယာပေါင်းစည်းညီညွတ်ရေးကွန်ရက် (SAMSN) ၏ အစီရင်ခံစာတွင် အကြမ်းဖက်အဖွဲ့ အာဏာရလာချိန်မှစ၍ သတင်းထောက် ၄၅ ရာခိုင်နှုန်းကျော် နုတ်ထွက်ခဲ့ကြောင်း ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ရှိ မီဒီယာများအပေါ် ကန့်သတ်ချက်များ မကြုံစဖူး တိုးမြင့်လာခြင်းကြောင့် ကုလသမဂ္ဂနှင့် သတင်းထောက်များအားကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) အပါအဝင် နိုင်ငံတကာတို့မှ  ပြစ်တင်ဝေဖန်ခဲ့ကြပြီး တာလီဘန်များအနေဖြင့် ပြည်တွင်းသတင်းသမားများအား နှောင့်ယှက်ခြင်းကို ရပ်တန့်ရန်နှင့် ဖမ်းဆီး၊ ခြိမ်းခြောက်မှုများဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်တားမြစ်ခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ 
တာလီဘန်တို့ သြဂုတ်လတွင် အာဏာရလာပြီးနောက် ပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုး သမီးများ၏အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်နှင့် အစိုးရအရာရှိများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကတိ ပြုခဲ့သည်။ သို့ရာတွင် တက်ကြွလှုပ်ရှားသူများ၊ အစိုးရဝန်ထမ်းဟောင်းများနှင့် သတင်းသမားများသည် လက်တုံ့ပြန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly