ဗဟင်းတိုက်နယ်ဆေးရုံ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ခံရမှု အသက် ၆၀ ကျော်အရွယ် အမျိုးသမီးသေဆုံး

By MTO (မဇ္ဈိမ)
22 January 2023
ဗဟင်းတိုက်နယ်ဆေးရုံ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ခံရမှု အသက် ၆၀ ကျော်အရွယ် အမျိုးသမီးသေဆုံး

ဇန်နဝါရီလ ၂၂ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ခတ်မှုအတွင်း အသက် ၆၀ ကျော်အရွယ်အမျိုးသမီး ကြီးတစ်ဦး သေဆုံးခဲ့ပြီး မြို့နယ်ပအဖအနေဖြင့် လူသားချင်းစာနာမှုအကူအညီ ပေးအပ်ထားကြောင်း မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဟတ်ယာဉ်နဲ့ စ စပစ်ချင်းမှာ ခြေထောက်နှစ်ဖက်လုံးထိတာပြတ်ထွက်ပြီး ဆုံးသွားတာပါ။ကျနော်တို့ ပအဖအဖွဲ့ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ချထားပေးတဲ့ လူသားစာနာအကူအညီ ရန်ပုံငွေထဲက ငါးသိန်းကို ဒီကနေပဲထောက်ပံ့ပေးအပ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် ဆေးရုံအဆောက်အဦးပျက်စီးသွားပြီး ယခုအခါ ဆေးရုံကိုပိတ်ထားလိုက်ပြီဖြစ်ကြောင်း မြိုင်ပအဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆေးကုသဖို့လိုအပ်တဲ့ ပြည်သူတွေအတွက် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနဲ့ လုံခြုံစိတ်ချရတဲ့ နေရာမှာ ဆက်လက်ကုသပေးနေပါတယ်။ နောက်ထပ် လူနာအသစ်တွေကိုတော့ လက်ခံကုသ မပေးနိုင် သေးပါဘူး”ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ဗဟင်းတိုက်နယ် ဆေးရုံကို ပစ်ခတ်ချိန်တွင် ဆေးကုသမှု ခံယူနေသည့် လူနာ ၅၀ ကျော်ခန့်ရှိပြီး ယင်းတို့ကို နီးစပ်ရာနေရာများသို့ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ပြည်သူ့ လုံခြုံရေးအဖွဲ့(ပလဖ)နှင့် အခြားအဖွဲ့အစည်းများ အစည်းအဝေးလုပ်ဆောင်ခဲ့ရာ ယင်းအစည်းအဝေး အကြောင်းသတင်းပေါက်ကြား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း မြို့နယ်ပကဖတာဝန်ရှိသူ တစ်ဦး က ပြောသည်။

သတင်းပေါက်ကြားမှုသည် စစ်ကောင်စီထောက်တိုင် ဒလန်များကြောင့် ဖြစ်နိုင်သည့်အတွက် သတင်းပေး ခြင်းများမပြုလုပ်ရန် သတိပေးချက်များထုတ်ပြန်သွားရန်ရှိကြောင်း မြိုင်မြို့နယ် ပြည်သူအုပ်ချုပ်ရေး အဖွဲ့က ဆို သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကလည်း ဒီပဲယင်းမြို့နယ် လက်ယက် ကုန်းကျေးရွာရှိစာသင်ကျောင်းကို ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ် အများအပြား သေဆုံးခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly