ရန်ကုန် မြို့နယ်အချို့တွင် ရေပြတ်တောက်မှုများ ကြုံတွေ့နေရ

By ဝေဟင်စိုး (မဇ္ဈိမ)
22 January 2023
ရန်ကုန် မြို့နယ်အချို့တွင် ရေပြတ်တောက်မှုများ ကြုံတွေ့နေရ

ဇန်နဝါရီလ ၂၂ ရက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းမှစ၍ ရေပြတ် တောက်မှုများ ကြုံတွေ့နေရကြောင်း မရမ်းကုန်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ရေက အရင်တုန်းကတည်းက အလာနည်းနေတာ မော်တာနဲ့တဆင့် ပြန်စုပ်တင်နေရတာ။ အခုဆိုရင် တင်လို့မရတဲ့အထိ ရေကမလာတော့ဘူး။ ကျွန်တော်တို့မြို့နယ်ထဲက ကိုယ်ပိုင်ခြံဝန်းနဲ့ နေသူတွေဆီ ကတော့ ရေပြတ်တဲ့အသံထွက်မလာဘူး။ သူတို့က ကိုယ်ပိုင်ရေတွင်းတွေနဲ့ သုံးတာများတယ်။

လက်လုပ် လက်စားသမားတွေနေတဲ့ရပ်ကွက်မှာ ရေပြတ်တောက်တာ မနေ့က မနက်ပိုင်းထဲကဖြစ်နေတာ” ဟု မရမ်းကုန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အတူ ရန်ကုန်မြို့လယ်ရှိ ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ်အပါအဝင် ထိစပ်မြို့နယ်အချို့တွင် လည်း ရေပြတ်တောက်မှုများ ကြုံတွေ့နေရသည်ဟု ယင်းမြို့နယ်အတွင်း နေထိုင်သူများက ဆိုသည်။

ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတစ်ဦးကလည်း ရေပြတ်တောက်နေသည်မှာ ယမန်နေ့ နံနက် ပိုင်းထဲကဖြစ်ပြီး၊ သုံးရက်ပြတ်တောက်ရန်ရှိကြောင်း ကြားသိရသော်လည်း ယင်းအတွက် အများသိရှိရန် ကြိုတင်အသိပေးခြင်းမျိုး မရှိကြောင်း ဆိုသည်။

ရေပြတ်တောက်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးဗိုလ်ဌေးက ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲသွားရာမှ ဝင်ရောက်စစ်ဆေး ခဲ့သော လှော်ကားရေလှောင်ကန်မှ ရေပေးဝေသည့် ၆၆ လက်မ ကွန်ကရစ်ပိုက်ပေါက်မှု ပြင်ဆင်နေသည့် အတွက် ရေပြတ်တောက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ယင်းအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ယနေ့ မွန်းလွဲပိုင်းအချိန် ထုတ်ပြန်ချက် တွင် ဇန်နဝါရီလ၂၀ ရက် ည ၈ နာရီအချိန်က ပိုက်ပေါက်မှုဖြစ်ပွားခဲ့သော လှော်ကားရေလှောင်ကန်မှ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်များနှင့် မြို့တွင်းမြို့နယ်များသို့ ရေပေးဝေသည့် ၆၆ လက်မ ကွန်ကရစ်ပိုက် ပေါက်ပြင်ဆင် နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် မည်သည့်ရက်တွင်ပြီးစီးမည် ၊ မည်သည့်ရက်တွင် ရေပြန်လည်ပေးဝေနိုင်မည်ဆိုသည်ကို ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ရေပြတ်တောက်သည့် ကိစ္စနှင့်ပတ်သက်၍ “ရေပြတ်နေတာ ဘာဖြစ်လို့လဲဆိုတာ သက်ဆိုင်ရာ ဝန်ကြီး ဌာနက ပြည်သူကိုကြိုတင် အသိပေးသင့်တယ်။ ကြိုပြီးရေစုထားလို့ရအောင်။ အခုလုပ်တာက ပြည်သူကို ဂရုမစိုက် လုပ်နေတာ။ ပြည်သူက မင်းတို့ရဲ့ ထမင်းရှင်ဆိုတာရော သိရဲ့လား။ အထက်ပိုင်းက လူကြီးတွေ မသိခဲ့ရင်လည်း မင်းတို့အထက်ကလူကြီးတွေ၊ အစိုးရတွေကို အထင်လွဲမုန်းတီးအောင် မင်းတို့က တိုင်း ပြည်ကို ဖျက်ဆီးနေကြတာဘဲ။ ပြည်သူကို ကြိုတင်အသိပေးသင့်တယ်။ ဘာ့ကြောင့် ရေဖြတ် ရေက ပြတ် ရတာလဲ။ ဘယ်မြို့နယ်တွေ ပြတ်နေသေးလဲတော့ မသိဘူး။ မရမ်းကုန်းမှာ မနေ့က မနက်ကတည်းက ပြတ်နေတာ ဒီနေ့အထိ မလာသေးဘူး။ မင်းတို့ နားလည်ဖို့ သိဖို့ကောင်းတယ်။ မှန်တာရေးတာ ဘယ်သူမှ မကြောက်ဘူး” ဟု မရမ်းကုန်းမြို့နယ်အတွင်း နေထိုင်သူ Usoe Lwin အမည်ရှိ အကောင့်တစ်ခုက ရေးသားမျှဝေထားသည်ကို တွေ့ရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly