သီရိလင်္ကာ ကြွေးမြီကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန် အပြန်အလှန် ပြစ်တင်ဝေဖန်

By ANI 
22 January 2023
သီရိလင်္ကာ ကြွေးမြီကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန် အပြန်အလှန် ပြစ်တင်ဝေဖန်

တရုတ်သည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် သီရိလင်္ကာနိုင်ငံတို့၏ စေ့စပ်ညှိနှိုင်းမှုများကို အနှောင့်ယှက်ပေးသူဖြစ်ကြောင်း အမေရိကန်သံတမန်တစ်ဦးက မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ပြောဆိုခဲ့သည့်အတွက် သီရိလင်္ကာရှိ တရုတ်သံရုံးက အမေရိကန်ကို ပြစ်တင်ဝေဖန်လိုက်သည်။
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂျူလီချွန်းသည် ဗြိတိန်အခြေစိုက် ရုပ်မြင်သံကြားဌာန BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် တရုတ်အား ဝေဖန်ခဲ့ပြီး သီရိလင်္ကာနိုင်ငံသည် နှောင့်နှေးကြန့်ကြာရန် အချိန်မရှိတော့ကြောင်းနှင့် ကြွေးမြီပြန်ဆပ်ရေးကတိကဝတ်များပြင်ဆင်ရေးအတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီမှုများ ပေးအပ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု အမေရိကန်က မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 
"သီရိလင်္ကာပြည်သူတွေရဲ့အကျိုးအတွက် ဒီ IMF သဘောတူညီချက်ကို ရရှိဖို့ တရုတ်ဟာ အနှောင့်အယှက်ပေးသူ မဖြစ်ဖို့ မိမိတို့ မျှော်လင့်ပါတယ်" ဟု ချွန်းက ထပ်လောင်းပြောကြားခဲ့သည်။
သီရိလင်္ကာရှိ တရုတ်သံရုံးက ချွန်း၏ မှတ်ချက်စာကားအပေါ် အခြေအမြစ်မရှိသော စွပ်စွဲပြောဆိုချက်ဟု ဇန်နဝါရီလ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
တရုတ်နှင့် သီရိလင်္ကာပြည်သူများသည် မိမိတို့ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေသည့် မည်သည့်ပြည်ပ စွက်ဖက်မှုမှမပါဘဲ ဆုံးဖြတ်နိုင်စွမ်းရှိကြသည် တရုတ်သံရုံးက Twitter တွင် ရေးသားခဲ့သည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် သဘောတူညီမှုရရှိရန် သီရိလင်္ကာ၏ ကြိုးပမ်းမှုတွင် တရုတ်နိုင်ငံသည် အနှောင့်ယှက်ပေးသူ ဖြစ်သည်ဟု အမေရိကန်သံအမတ်ကြီး၏ ပြောစကားကို တရုတ်သံရုံးက ဒေါသထွက်နေခဲ့သည်။
သီရိလင်္ကာနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးသည် တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက်တွင် ပိတ်မိနေကြပြီး တရုတ်က ပါကစ္စတန်အား အကူအညီပေးရေးအစီအစဉ်တစ်ခု ပေးအပ်ခဲ့သော်လည်း သီရိလင်္ကာ၏ ချေးငွေပြန်ဆပ်မှုရွှေ့ဆိုင်းပေးရေး တောင်းဆိုချက်ကို ပယ်ချခဲ့ကြောင်း True Ceylon News တင်းတွင် ဖော်ပြခဲ့သည်။
သီရိလင်္ကာနိုင်ငံသည် အစောပိုင်းက ၎င်း၏ ပြည်ပကြွေးမြီပမာဏ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည့် တရုတ်ကြွေးမြီ ပြန်ဆပ်ရမည့်ကာလကို ပြန်လည်ပြင်ဆင်ရန်နှင့် ငွေကြေးဆိုင်ရာအကူအညီပေးရန် တရုတ်နိုင်ငံကို တောင်းဆိုခဲ့သည်။
သို့သော် သီရိလင်္ကာ၏ ကြွေးမြီပြန်ဆပ်မှုဆိုင်းငံ့ခြင်းဆိုင်ရာ တစ်ဖက်သတ် ကြေညာချက်မှဖြစ်ပေါ်လာသော အခက်အခဲများနှင့်ရှုပ်ထွေးမှုများကြောင့် သီရိလင်္ကာ၏ တောင်းဆိုချက်ကို အကောင်အထည်ဖော်ရာတွင် အခက်တွေ့နေကြောင်း တရုတ်က ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly