ကန့်ဘလူမြို့နယ် အင်းမကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

By MTO (မဇ္ဈိမ)
22 January 2023
ကန့်ဘလူမြို့နယ် အင်းမကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

ဇန်နဝါရီလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်ရှိ အင်းမကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နှစ်ရက်ဆိုက်တိုက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်း စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၅၀ ခန့်ပါဝင်ပြီး ကျွန်းလှမြို့နယ် လယ်လှနှင့်ကံပေါက်ရွာ ဘက်မှ ထွက်လာသည့်စစ်ကြောင်းဖြစ်ကာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်တစ်ကြိမ်၊ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်တစ်ကြိမ် နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးနောက် အင်းမကျေးရွာမှ ပေကုန်း(တောင်)ရွာ ဘက်သို့ ထွက်ခွာသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

“ မြေပြင်အချက်အလက်က ကောက်နေတုန်းပဲ အတိအကျမသိရသေးဘူး။ ပြည်သူတွေ ဖမ်းဆီးခံရတာ တော့ မရှိဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်း သည် ပြည်သူများ၏နေအိမ်များကို မီးမရှို့မီ တန်ဖိုးကြီးပစ္စည်းမျာကို မွှေနှောက်ရှာဖွေလုယူခြင်း၊ အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ လယ်ယာလုပ်ငန်းသုံး ကျွဲနွားများနှင့် စက်ပစ္စည်းများကို ပြန် လည်ရောင်းချရန် ကားနှင့် သယ်ယူခြင်းများပြုလုပ်နေ ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

ယင်းအပြင် စစ်ကြောင်းထိုးချိန်တွင် မပြေးနိုင်ဘဲကျန်နေခဲ့သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ပါမကျန် သတ်ဖြတ်၍မီးရှို့အလောင်းဖျောက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်းနေ ကြောင်း ဆိုသည်။

အင်းမရွာသို့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသည့်အတွက် အင်းမ၊ ပင့်သာ၊ ဖလားရ၊ ချောင်းကြား၊ ရှမ်းကုန်းစသည့် ကျေးရွာငါးရွာမှ ပြည်သူထောင်နှင့်ချီ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေရ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly